Tuesday, November 18, 2008

ခွေးဆွဲခံရသောရွှေဝါရောင်ဦးဆောင်ဆရာတော်များ

ရွှေဝါရောင် ဦးဆောင်ဆရာတော် ဦးဂမ္ဘီရ ထောင်ဒဏ် ၁၂ နှစ် ကျခံရ
မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 19 2008 12:27 - မြန်မာစံတော်ချိန် နယူးဒေလီ။ ။

ရွှေဝါရောင် သံဃလှုပ်ရှားမှုကြီးတွင် ဦးဆောင်ဆရာတော်တပါးဖြစ်သူ ဦးဂမ္ဘီရအား ယမန်နေ့က အင်းစိန်ထောင် အထူးတရားရုံးတခုမှ ထောင်ဒဏ် ၁၂ နှစ် ချမှတ်လိုက်သည်။ သာသနာညှိုးနွမ်းစေသည့် ပြစ်မှု - ပုဒ်မ ၂၉၅ (က) နှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို နှောင့်ယှက်မှု - ပုဒ်မ ၅၀၅ (ခ) အပါအ၀င် အမှုတွဲ ၃ မှုဖြင့် အင်းစိန်ထောင်တွင်းရှိ ကြည့်မြင်တိုင်မြို့နယ် တရားရုံးက ယခုလို ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။ အာဏာပိုင်များက သူ့အား လဝက ဥပဒေ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃/၁၊ မတရားအသင်းနှင့် ဆက်သွယ်မှု ၁၇ (၁)၊ အသင်းအဖွဲ့ ပုဒ်မ ၆၊ နိုင်ငံတော်ကို ဆူပူမှုကို လှုံ့ဆော်မှု ၅ဝ၅ (ခ)၊ သာသနာ ညိုးနွမ်းစေမှု ၂၉၅ (က)၊ ဥပဒေနှင့် မညီညွတ်သဖြင့် လူစုခွဲရာ၌ မလိုက်နာမှု ၁၄၅၊ ၁၄၇၊ ပုံနှိပ်အက်ဥပဒေ ၁၇/၂ဝ နှင့် အီလက်ထရောနစ် ဥပဒေ ၃၃ (က)/၃၈ တို့ဖြင့် တရားစွဲထားသည်။ အသက် ၂၉ နှစ်အရွယ်၌ ဓမ္မာစရိယတန်း စာဝါလိုက်နေရင်း နိုင်ငံရေးတွင် စိတ်ပါဝင်စားခဲ့သူ ဦးဂမ္ဘီရသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးဟု အမည်တွင်ခဲ့သော သံဃာ-လူထုလှုပ်ရှားမှုကြီးတွင် ဦးဆောင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစု အဖွဲ့ကြီး၏ ဦးဆောင် ဆရာတော်တပါး ဖြစ်ခဲ့သည်။ သူသည် ရွှေဝါရောင်အပြီး အာဏာပိုင်များ၏ ဖမ်းဆီးမှုများမှ တိမ်းရှောင်နေရင်း မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ်တွင် ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က စစ်လုံခြုံရေး တပ်ဖွဲ့၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။ အဖမ်းအဆီးမခံခင်က သူသည် ဆန္ဒပြပွဲနှင့် နအဖ စစ်အစိုးရမှ နောက်ဆက်တွဲ အကြမ်းဖက် နှိမ်နင်းမှုများ အကြောင်းကို ကမ္ဘာတလွှားသို့ ပြောကြားသည့်အနေဖြင့် ဆောင်းပါးတစောင် ရေးသားကာ ဝါရှင်တန်ပို့စ် သတင်းစာသို့ ပေးပို့ခဲ့သေးသည်။

အလားတူ ယမန်နေ့က အင်းစိန်ထောင်တွင်း၌ပင် မန္တလေးတိုင်း သံဃတပ်ပေါင်းစုမှ အဖမ်းဆီးခံ
အရှင် ဦးကေလာသအား ပုဒ်မ ၁၇ (၂၀)၊ ၁၇ (၁) နှင့် မတရားအသင်းပြစ်မှုများဖြင့် ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခဲ့သည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၅ ရက်နေ့က မကွေးတိုင်း ပခုက္ကူမြို့တွင် လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် စစ်အစိုးရမှ အာရုံစိုက် လုပ်ဆောင်ရန်အတွက် စီတန်းလမ်းလျှောက်ကာ မေတ္တာသုတ် ရွတ်ဆိုတော်မူသော ရဟန်းတော်များအား ဓာတ်တိုင်တွင် ကြိုးတုတ်ချည်နှောင်ကာ ရိုက်နှက်ခဲ့ပြီးနောက် ဖွဲ့စည်းလိုက်သော သံဃတပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင်မှုဖြင့် ဆန္ဒပြပွဲများသည် စက်တင်ဘာလအတွင်းက တနိုင်ငံလုံးသို့ ပြန်ပွားခဲ့သည်။ စစ်အစိုးရက အဆိုပါ လှုပ်ရှားမှုကြီးအား အကြမ်းဖက် ပစ်ခတ်နှိမ်နင်းကာ ဆန္ဒပြ သံဃာတော်များ၊ အတိုက်အခံ ပါတီဝင်များနှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအား ဖမ်းဆီးကာ ပြီးခဲ့သည့် တပတ်အတွင်းမှ စတင်ကာ အင်းစိန်ထောင်ရှိ အထူးခုံရုံးများမှ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လာခဲ့သည်။

No comments: