Saturday, December 19, 2009

သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
ဒီဇင်ဘာလ ၁၁ ရက်၊ ၂၀၀၉ ခုနှစ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးရှိ KLIA ထိန်းသိမ်းရေး စခန်းအတွင်း အမည်မ သိရောဂါကြောင့် သေဆုံးမှုများ ဆက်လက်ဖြစ်ပေါ်နေသည်။

မလေးရှားနိုင်ငံသို့ တရားမ၀င်ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား အာဏာပိုင်များမှ ဖမ်းဆီး၍ သက်ဆိုင် ရာနိုင်ငံများသို့မပို့မီ ယာယီထိန်းသိမ်းရေးစခန်းများဖွင့်၍ထားရှိခဲ့ရာမှ လွန်ခဲ့သည့် သြဂုတ်လကုန်ပိုင်းကစ၍ သေ ဆုံးမှုများ ရှိခဲ့သည်။

အဆိုပါရောဂါကြောင့် ထိုစခန်းအတွင်း အသက် ၄၅ နှစ်အရွယ် ချင်းအမျိုးသား ငေါင်စပေါင် ယခုလ ၉ ရက်နေ့ က သေဆုံးခဲ့ပြီး လွန်ခဲ့သည့် လေးလအတွင်း သေဆုံးသူ ၇ ဦး ရှိပြီဟု စခန်းတွင်းထိန်းသိမ်းခံထားရသူ တစ်ဦးက ယခုလိုပြောသည်။

“ဒီကောင်ကတော့ အသည်းအသန်ဖြစ်နေတယ်။ ထလို့တောင်မရတော့ဘူး။ အခုထလို့ မရတော့ဘူး ဘယ်လိုလုပ်ရမှာလည်းဆိုတော့ ဒါဆိုရင် ဆေးရုံပို့ပေးမယ်တဲ့ အပြင်ကို ထုတ်လိုက်တယ်။ ဟိုမှာ ကျတော့ တစ်ညပဲအိပ်တယ်။ နောက်တစ်ရက် ညကိုးနာရီ လောက်မှာ ဆုံးသွားပြီလို့ သတင်းကြား ရတာ။ အခုဒီထဲမှာဆိုရင် ကျနော်တို့ ဒီကို ရောက်တာနဲ့ လေးလအတွင်းမှာ ၇ယောက်ရှိနေပြီ ဆုံး သွားတာ။”

သေဆုံးသူမှာ ခြေထောက်များဖောရောင်နေပြီး လွန်ခဲ့သည့် တစ်ပတ်ခန့်မှစ၍ အစာ မစားနိုင်သည့်အပြင် ဆီး ချုပ်၊ ၀မ်းချုပ်ဖြစ်ရာမှ စခန်းတာဝန်ရှိသူများအား အကြောင်းကြား ခဲ့သော်လည်း အချိန်မီပို့ဆောင်နိုင်ခြင်းမရှိခဲ့ဟု ၎င်းကပြောသည်။

အထူးသဖြင့် ထိုစခန်းအတွင်း၌ လွန်ခဲ့သည့် ဇူလိုင်လဆန်းပိုင်းက စမုံညှင်းစခန်းတွင် ကျန်းမာရေးကိစ္စဖြင့် ဆန္ဒပြမှုကြောင့်ပြောင်းရွှေ့လာသူအများစုဖြစ်ပြီး ထိုသူများအား ကျန်းမာရေးဂရုစိုက်မှုအားနည်းကာ ပြင်ပမှဆေး များကိုလည်း သုံးစွဲခွင့်မရဟု ၎င်းကဆက် ပြောသည်။

“ငါတို့ဒီ စမုန်ညှင်းက လူဟောင်းတွေဆိုရင် ဆရာဝန်ဆီ ပြမပေးဘူး။ နောက်ပြီးတော့ အဲဒီကြားထဲမှာ ဘာအခက်အခဲရှိလဲဆိုတော့ ကျနော်တို့အပြင်ကနေ ဆေးတွေဘာတွေပေါ့ကွာ လိမ်းဆေးတွေ၊သောက် ဆေးတွေ အဲတာတွေမှာတယ်။ အဲလိုမှာတဲ့အခါ သူငယ်ချင်းတွေကလာပေးတယ်။ အဲ့အခါ မှာလည်း အခက်အခဲရှိနေတယ်။ ကျနော်တို့လို လူဟောင်းတွေဆိုလို့ရှိရင် မပေးရဘူးတဲ့။ စမုန်ညှင်းက ဆိုလို့ရှိရင် မပေးရဘူးလို့ ပြောတယ်။”

ထို့အပြင် ထိုစခန်းအတွင်းထိန်းသိမ်းခံထားရသူများထဲ၌ စမုံညှင်းစခန်းမှ ပြောင်းရွှေ့လာသူ လူဟောင်းများမှာ စာ ရင်းပျောက်နေ၍ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UHNCR မှလာရောက်ထုတ်ယူနိုင်ခြင်း မရှိဟု ၎င်းက ဆက်ပြောသည်။

“အခုကျနော်တို့ကျတော့ UN နဲ့တွေ့မယ်ဆိုတောင် UN ကလည်းလာတော့လာတယ်။ ဒါပေမယ့် ကျ နော်တို့ နံပါတ်တွေမခေါ်တော့ဘူး။ နံပါတ်တွေ ကျော်ကျော်သွားပြီးတော့ ခေါ်နေကြတယ်။ ကျနော်တို့ လူဟောင်းတွေဆိုရင် လုံးဝမခေါ်တော့တာ။ နောက်ပြီးတော့ နာမည်စာရင်းလည်း ဒီထောင်စာရင်းထဲ မှာမရှိဘူး။ UN ကဟိုကနေ စာရင်းပေးလို့ရှိရင်လည်း ဒီကလက်ခံစာရင်းထဲမှာ မရှိတော့ အပယ်ခံရပြီး တော့ UN နဲ့တွေ့လို့မရဘူး။ ဒီထဲမှာပဲ နေနေရတာပေါ့။ ဒီထဲမှာတော့ တစ်နှစ်လောက်ရှိနေပြီ။ အခက် အခဲဖြစ်နေတာ။”

ရောဂါဖြစ်ပွားသည့် အကြောင်းရင်းကို သိရှိနိုင်ရန် တာဝန်ရှိသူများအနေနှင့် စုံစမ်းရှာဖွေ ခဲ့သော်လည်း ယနေ့အ ချိန်ထိ မည်သည့်ရောဂါမှန်းမသိရသေးဟု ၎င်းကပြောသည်။

စခန်းတွင်းထိန်းသိမ်းခံထားရသူများအား မြန်မာသံရုံးမှလာရောက်ထုတ်ယူပြီး မိခင်နိုင်ငံ သို့ပြန်လည်ပို့ဆောင် ရန်စီစဉ်ပေးသော်လည်း ငွေကြေးမတတ်နိုင်သဖြင့် မပြန်နိုင်ဘဲ ဖြစ်နေသည်ဟု ၎င်းကပြောသည်။

“ကျနော်တို့ဆီမှာ ပိုက်ဆံရှိရင် ကျနော်တို့ပြန်ချင်တယ်။ ဒါပေမယ့် အခုချိန်မှာ လက်ထဲမှာ ပိုက်ဆံက လည်းမရှိဘူး၊ အိမ်ကနေလည်းမရဘူးဆိုတော့ ဒီထဲမှာပဲ ဒီတိုင်းပဲနေရတာပေါ့။”

အစောပိုင်းကာလများက မြန်မာပြည်သို့ပြန်လိုပါက လူတစ်ဦးလျှင် မလေးရှားငွေ ၁၅၀၀ ခန့် ပေးရပြီး နောက်ပိုင်း တွင် သံရုံးမှ တာဝန်ပေးထားသူက တစ်ဦးလျှင် ၅၀၀ နုန်းဖြင့် ပြန်ပို့ရန်စီစဉ်ခဲ့သော်လည်း ယခုအခါစာရင်းပိတ် လိုက်ပြီဟု ပြောသည်။

စခန်းတွင်း၌ မြန်မာနိုင်ငံသား ၁၃၀ ကျော်ရှိသည့်အထဲက လောလောဆယ် ရောဂါဖြစ် နေသူ သုံးဆယ်ကျော် ရှိသည်။

စခန်းတွင်း လေ၀င်လေထွက်နှင့် အလင်းရောင်ရရှိမှုနည်းပါးခြင်း၊ ချိုးရေနှင့်သောက်သုံးရေ သန့်ရှင်းမှု မရှိခြင်း၊ အ စားအစာလတ်ဆပ်မှုမရှိခြင်းတို့ကြောင့် ယခုလိုရောဂါများ ဖြစ်ပွားလာခြင်း ဖြစ်နိုင်သည်ဟု စခန်းတွင်းနေထိုင်သူ များက ပြောသည်။

Sunday, December 6, 2009

တတိယနိုင်ငံရောက်မြန်မာနိုင်ငံသားများသို့

ကျွန်တော်ကတော့ မလေးရှားကနေ အမေရိကန်ပြည်ထောင်စုကို ၂၀၀၉ခုနှစ်၊ ဖေဖေါ်ဝါရီလမှာ ဒုက္ခသည် အဖြစ်နဲ့ ရောက်ရှိလာသူပြည်သူတစ်ဦးပါ။ စနစ်ဆိုးအောက်တွင် ၀မ်းရေးအတွက်ကိုပင် အသက်ထွက်လုမတတ်ရုန်း ကန်ခဲ့ရဖူးသူ အဖိနှိပ် ခံပြည်သူတစ်ယောက်အဖြစ်သာမက မလေးရှားလိုသူများနိုင်ငံမှာလည်း ဆယ်စုနှစ်တစ်ခုနီးပါး လူ့အခွင့်အရေးဆုံးရှုံးခဲ့ရသူအဖြစ် တရားမ၀င်နေခဲ့ရတော့ မလေးရှားရောက် မြန်မာနိုင်ငံသားတွေ ကြုံတွေ့၊ ခံစားနေရတဲ့ လူမှုဒုက္ခတွေကို ကိုယ်ကိုတိုင်လည်းခံစားခဲ့ရသလို တပါးသူတွေခံ စားနေရတာကိုလည်း စာနာနား လည်တတ်သူပါ။
ထိုစာနာ၊ နားလည်တတ်မှုကပဲကျွန်တော်တို့ကို ဘ၀တူချင်းတွေကူညီရိုင်းပင်းဖို့အတွက် လူမှုကူညီရေး အဖွဲ့လေးတွေ ဖြစ်လာအောင် တွန်းပို့ပေးခဲ့ပါတယ်။ စေတနာကိုအရင်းတည်ပြီး တတ်သိနားလည်သလောက် အကောင်းဆုံးလုပ်ခဲ့ကြပါတယ်။ ညီညွတ်မှုတွေရှိသလို၊ မသင့်မြတ်မှုတွေလည်း အများကြီးရှိခဲ့ကြပါတယ်။ စိတ်ညစ်စရာတွေကြုံရသလို၊ ပျော်စရာတွေနဲ့လည်းဆုံခဲ့ရပါ တယ်။ အနှစ်ချုပ်ရရင်တော့ မလေးမှာနေရတာ ကိုယ်ဝါသနာပါတာကို လုပ်နေရလို့ပျော်ပါတယ်။ ဒါကတော့မလေးမှာနေခဲ့ရ တဲ့အပိုင်းပါ။
အမေရိကားအပိုင်းမှာတော့ မလေးမှာလို အဖွဲ့ဖွဲ့ပြီး ကူညီရလောက်အောင် ဒုက္ခ ရောက်သူလည်းမရှိတော့ပါ။ ဒုက္ခရောက်ရင်လည်း ရောက်ခါစ အခိုက်အတန့်ပင် ဖြစ်ပါ တယ်။ သို့သော်လည်း ကျွန်တော့်မှာနေ့စဉ်နဲ့အမျှ စိတ်ဒုက္ခရောက်နေရပါတယ်။ အဓိကမှာ မတူညီတဲ့လူတန်းစားအမြင်ပြဿနာပါ။
မြန်မာပြည်တွင်ပြည်သူတို့၏ အကျိုးကို ရှေးရှုမည့် စစ်မှန်သောဒီမိုကရေစီစနစ် တရပ် ပေါ်ထွန်းဖို့အတွက် မဖြစ်မနေ ကျော်ဖြတ်ရမည့် တံတိုင်းသည် လက်ရှိရင်ဆိုင် နေရသည့် နိုင်ငံရေးအကျပ်အတည်းပင် ဖြစ်ပါပေတယ်။ နိုင်ငံရေးအကျပ်အတည်း ကိုပြေလည်အောင်ဖြေရှင်းရန် ပြည်သူတရပ်လုံး၏ တိုးတက်သော နိုင်ငံရေးအမြင်နှင့် အတူ ပြည်သူတရပ်လုံး၏ဆန္ဒကို ကိုယ်စားပြုမည့် နိုင်ငံရေးအင်အားစုများသည် မဖြစ်မ နေရှိရမည်မှာ ငြင်းခုန်စရာမလိုအပ်သည့်အချက်ပင်ဖြစ်ပါတယ်။
ပြည်သူထဲမှပြည်သူများဖြစ်ကြသူ ကျွန်တော်တို့သည် မြန်မာ့အရေးနှင့် ပတ်သက် လျှင် ပြည်သူ၊ ပြည်သားကောင်းများအဖြစ် တထောင့်တနေရာ၊ တခန်းတကဏ္ဍမှ ပါဝင်ရမည်မှာ သမိုင်းကပေးသော တာဝန်တရပ်ပင်ဖြစ်ပေသည်ဟု စွဲမြဲစွာမှတ်ယူသင့်ပါ တယ်။
“ နိုင်ငံရေးအင်အားစုတချို့ လိမ်နေကြတယ်၊ နိုင်ငံရေးသမားတချို့ ညာနေကြ တယ်၊ အလွဲသုံးစားလုပ်နေတယ်” ဒါ့ကြောင့်နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုကို မပြုလုပ် လိုပါ၊ နိုင်ငံရေးနှင့်ပတ်သက်သည့်အဖွဲ့အစည်း၊ အသင်းများကို မကူညီမထောက်ပံ့ လိုပါဟု ပြောလာသူရှိခဲ့ပါလျှင် ထိုသူတို့၏အသံကို ကန့်ကွက်ပါသည်ဟု ကျွန်တော်၏ တသီးပုဂ္ဂလအမြင်ကို အခြေပြု၍ ပြောချင်ပါတယ်။
“ပြည်သူသာအမိ၊ ပြည်သူသာအဖ” ကို“တပ်မတော်သာအမိ၊ တပ်မတော်သာ အဖ” ဟုဝါဒဖြန့်ကာ တိုင်းပြည်၏မိဘနေရာကို အတင်းအဓ္ဓမလုယူနေသည့် မြန်မာစစ် ခေါင်းဆောင်များ ခေတ်သစ်အဇာတသတ်ဇာတ်ခင်းနေတာကို မိဘအစစ်ဖြစ်တဲ့ ပြည် သူတွေဟာ မေတ္တာခြုံလွှမ်း ခွင့်လွှတ်နိုင်စွမ်းပေမယ့် “သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိသည့်”နယူတန်၏ နိယာမကတော့ လက်တွေ့သဘောကိုသာ ဆောင် ပါပေလိမ့်မည်။
“ငါကောင်းစားရေး၊ ငါ့မိသားစုကောင်းစားရေး၊ ငါ့ဆွေမျိုးတစုကောင်းစားရေး” အတွက် ငါ၏ကျွန်နှင့်တူသော တိုင်းသူပြည်သားတို့၏ အသက်၊သွေး၊ ချွေးတို့ဖြင့် ရင်းနှီး၍ ရရှိလာသော ငါ၏ဘဏ္ဍာတော်တိုက်မှ ဘဏ္ဍာတို့နှင့်အတူ ငါ၏သေနတ် ပြောင်းဝ၌တည်ရှိသော အာဏာကိုသုံး၍ စည်းကမ်းပြည့်ဝသော“ငါသုံးလုံး” စနစ်ထွန်း ကားရေးအတွက် ပြည်တွင်း၊ ပြည်ပမှ အဇာတသတ်ဂိုဏ်းသားတို့သည် ပေးအပ်လာ သည့်တာဝန်များကို ဦးလည်မသုန် ရဲရဲဝံ့ဝံ့ဆောင်ရွက်သွားရမည်”။
(ပုံ) ဂိုဏ်းချုပ်ကြီး
စိတ်ကူးနဲ့ပုံဖေါ်ထားတဲ့ ဗိုလ်သန်းရွှေရဲ့မိန့်ခွန်းများ တကယ်ပဲအသက်ဝင်လေ ရော့သလား---။ ၂၀၁၀ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ ဂိုဏ်းသားတွေရဲ့ လှုပ်ရှား မှုက ခပ်စိပ်စိပ်ဖြစ်လာတယ်။ ၀ါဒဖြန့်ချိရေးတွေကိုလည်း ပြည်တွင်းရော ပြည်ပမှာပါ ပုံသဏ္ဍန်မျိုးစုံဖြင့် ဆောင်ရွက်နေသည်ကိုတွေ့လာရတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုသည့် ၂၀၀၈လေဘေးအနိဌာရုံကာလတုန်းကလည်း ဤဖြစ်စဉ်မျိုးကို ကြုံ တွေ့ခဲ့ရဖူးပါတယ်။
မြန်မာ့နိုင်ငံတွင် အဇာတသတ်တို့ပြည်သူ့အာဏာကို လုယူခဲ့သည်ကာလမှစ၍ အပြစ်မဲ့ပြည်သူပေါင်းများစွာအသတ်ခံ၊ အကျဉ်းကျခံနေရသလို ပြည်သူတွေရဲ့ စားဝတ် နေရေးဟာလည်း ကျပ်တည်းသည်ထက်ကျပ်တည်းလာနေပါတယ်။ မူလတန်းပညာ ရေးကိုပင် သင်ကြားခွင့်မရသည့် ကလေးသူငယ်အရေအတွက်မှာ နှစ်စဉ်တိုးပွားနေပါ တယ်။ တချိန်က အဇာတသတ်တို့ရဲ့အာဏာယန္တယားကြီးမှာ ၀င်ရောက်တာဝန်ထမ်းခဲ့ သူ အိုမင်းမစွမ်းပင်စင်စားကြီးများပင်လျှင် ယနေ့အခါမှာ အပယ်ခံဘ၀ရောက်နေပြီး တောင်းရမ်းစားသောက်နေရသည့်အဖြစ်ကိုလည်း လစ်လျူရှုထားဆဲပင်ဖြစ်ပါတယ်။
နာဂစ်ကြောင့် မြန်မာသာမက ကမ္ဘာလူ့အဖွဲ့အစည်းကပါ ပူဆွေးသောက ရောက်နေချိန်ကို အခွင့်ကောင်းယူကာ ၎င်းတို့အာဏာတည်မြဲရေးအတွက် မတရားရေး စွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို နည်းမျိုးစုံကိုသုံးကာ အတည်ပြုခဲ့ပေတယ်။ ကျောင်းသားကိုသတ်၊ ပြည်သူကိုသတ်၊ သံဃာကိုသတ်ရုံမျှမက မိမိတို့ပေါ့ဆမှုကြောင့် အပြစ်မဲ့ပြည်သူတသိန်းသုံးသောင်းကျော် သေခဲ့ရသည့်အပြင် သန်းချီသည့် မြန်မာပြည် သူတွေ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူတွေ၊ မခံစားနိုင်တော့လို့ ရူးသွပ်သွားရသူတွေ၊ မိဘမဲ့ဖြစ် သွားရသည့် ကလေးသူငယ်တွေရဲ့ဘ၀တွေကို စာနာပြီးပြန်လည်ထူထောင်ရေးကို မိမိ တို့ကိုယ်တိုင် အားသွန်ခွန်စိုက် လုပ်ရမည့်အစား လူသားချင်းစာနာလို့ ကူညီပံ့ပိုးသူ တွေရဲ့အလှူပစ္စည်းတွေကိုအလွဲသုံးစားလုပ်ယုံမျှမက အလှူရှင်တွေကိုပင် စိတ်အ နှောက်အယှက်ဖြစ်စေရန် တမင်ရည်ရွယ်ကာ ပိတ်ပင်တားဆီးနိုင်လောက်အောင် စာနာစိတ်ကင်းပြီး လူ့လောကအလယ်မှာ လူလို့တောင်သတ်မှတ်ဖို့မသင့်တော့သည့် အထူးအဆန်းသတ္တ၀ါတွေပြောသည့်စကား၊ ပေးသည့်ကတိ၊ လုပ်သည့်လုပ်ရပ်အပေါ် ယုံကြည်နေသယောင်ပြောဆို၊ ပြုမူကြသူတွေလည်း တတိယနိုင်ငံမှာ ရှိနေကြတာကို သိရလို့ ဒေါသထွက်မိပါတယ်။
ခင်ဗျားတို့ရဲ့တာဝန်မသိတတ်မှု၊ ကိုယ့်အကျိုးစီးပွားထိ ခိုက်မှာကို မလိုလားမှု စတာတွေကို ဖုံးကွယ်ချင်တဲ့အတွက်“ နိုင်ငံရေး အင်အားစုတချို့ လိမ်နေကြတယ်၊ နိုင်ငံရေးသမားတချို့ ညာနေကြတယ်၊ အလွဲသုံးစား လုပ်နေကြတယ်” ဒါ့ကြောင့် နိုင်ငံ ရေးသမားတွေကိုမယုံကြည်ပါ၊ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုကို မပြုလုပ်လိုပါ၊ နိုင်ငံ ရေးနှင့်ပတ်သက်သည့်အဖွဲ့အစည်း၊ အသင်းများကို မကူညီမထောက်ပံ့လိုပါဟု “ငါသုံးလုံး” စနစ်ကို အထောက်အကူပြုဖို့ ၀ါဒမှိုင်းတိုက်တဲ့ လုပ်ရပ်မျိုး လုပ်လို့မရဘူး ဆိုတာကို လေးလေးနက်နက်သိစေချင်ပါတယ်။
အတိတ်ကို သိပြီး(သတိရပြီး)၊ ပစ္စုပ္ပန်ကို မြင်ကာ၊ အနာဂတ်ကို အသိတရားနဲ့ ယှဉ်၍ မျှော်မှန်းကြပါ။ တတိယနိုင်ငံကို နိုင်ငံရေးခိုလှုံခွင့်၊ ဒုက္ခသည်စသဖြင့် ရောက်ရှိ လာရတဲ့ အကြောင်းရင်းကို ပြန်ဆန်းစစ်ပါ။ လက်ရှိခံစားနေရတဲ့အခွင့်အရေး(လူ့အခွင့် အရေးအပါအ၀င် အခြားသောထောက်ပံ့မှု)တွေထဲက မြန်မာပြည်သူတွေအတွက် ဘယ် အတိုင်းအတာအထိ ပြန်လည်ခွဲဝေပေးနိုင်မလဲဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုကိုယ် ပြန်မေး ပါ။ သမိုင်းကိုဖျောက်ဖျက်ဖို့ကြိုးစားရင်(သို့မဟုတ်) လိမ်ရင် သမိုင်းကပေးတဲ့ အပြစ် ဒဏ်ကို ခံရမည်။ သမိုင်းကိုမသိရင် သိအောင်ကြိုးစားပြီး သမိုင်းကပေးသည့်တာဝန်ကို ကျေစေရမည်။
နိုင်ငံရေးသမားတချို့ မယုံကြည်ရတာကိုထောက်ပြပြီး မြန်မာ့အရေးမှာ နိုင်ငံရေး အင်အားစုတွေ၊ တော်လှန်ရေးအင်အားစုတွေရဲ့ အခန်းကဏ္ဍကို မှေးမိန်အောင်လုပ်ဖို့ ကြံရွယ်သည်ကို သိရုံမျှဖြင့်ပင် အဇာတသတ်ဂိုဏ်းသားအဖြစ်မှတ်ယူပြီး ပြတ်ပြတ် သားသားဆန့်ကျင်ခြင်းဖြင့် တမျိုးသားလုံးကောင်းစားရေးကို ရည်သန်ပြီး ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်နေသည့် သူရဲကောင်းတွေ၊ အသက်ပါပေးလှူသွားခဲ့သည့် အာဇာနည်ကြီး တွေရဲ့ ကျွန်တော်တို့အပေါ်မှာတင်ရှိနေသည့် ကျေးဇူးတရားတွေကို ပြန်ဆပ်နိုင်ကြပါ စေလို့ဆုတောင်းလိုက်ကြောင်းပါခင်ဗျာ…။
ကိုးကား ။ ။ အမေရိကားရောက် မြန်မာတချို့၏ နေ့စဉ်လူမှုဘ၀များတွင် မြင်နေ၊ ကြားနေရသည့် ကိုယ်တွေ့အဖြစ်အပျက်များမှ ကောက်နှုတ် တင်ပြထား ပါသည်။
ထွန်းထွန်းနိုင်(ပျိုးခင်းလူငယ်)