Tuesday, February 21, 2012

ပျိုးခင်း၏ နောက်ဆုံး နှုတ်ဆက်စကား

မလေးရှားမှာ နိုင်ငံရေးနှင့် လူမှုရေးအဖွဲ့အစည်းတွေ အားကောင်းလာတာဟာ ၂၀၀၃ ဒီပဲယင်းလုပ် ကြံမှု နောက်ပိုင်းလို့ ပြောလို့ရနိုင်ပါသည်။  ဟိုတဖွဲ့ ဒီတဖွဲ့စသည်ဖြင့် အဖွဲ့ပေါင်းများစွာ ပေါ်ထွက်ခဲ့ပါသည်။ အဖွဲ့တွေကြောင့် ကောင်းလာတာရှိသလို ဆိုးသွားတာတွေလည်း အများကြီးရှိပါသည်။ မလေးမှာရှိတဲ့ အဖွဲ့တွေအားလုံးနီးပါးဟာ အဖွဲ့ဖွဲ့ပြီးတာနဲ့ ကဒ်ရောင်းပြီး ရံပုံငွေရှာတဲ့အလုပ်ကို အားကြိုးမာန်တက်လုပ် တတ်ကြပါသည်။ အဖွဲ့အစည်းတွေက အဖွဲ့ရပ်တည်ဖို့အတွက် ကဒ်ရောင်းတယ်လို့ အကြောင်းပြကြသည်။ အဖွဲ့ဝင်တဲ့သူတွေက ရဲအကာအကွယ်(သို့) လိုအပ်ချက်တစ်ခုကြောင့် ကဒ်ဝယ်ကြသည်။ သည်နည်းဖြင့် အဖွဲ့ ၀င်သစ်တွေကို အပြိုင်အဆိုင် စည်းရုံးကြခြင်းသည်ပင် မလေးရှားရှိ နိုင်ငံရေး၊ လူမှုရေး အသင်းအဖွဲ့များ၏ ယဉ်ကျေးမှုဟုပင် ခေါ်ဆိုနိုင်ပါသည်။
          အဖွဲ့ဝင်တစ်ယောက်အတွက် ကဒ်ကြေး ရင်းဂစ်(၅၀)နှင့် လစဉ်ကြေး ရင်းဂစ်(၁၀) စသည်ဖြင့် အဖွဲ့ဝင်သောင်းဂဏန်းရှိတဲ့ အဖွဲ့တစ်ဖွဲ့ရဲ့တစ်လ၀င်ငွေသည်လည်း သောင်းဂဏန်းပင်ရှိကြသည်။ ၀င်ငွေ ကောင်းမှန်းသိတော့ အဖွဲ့တွေလည်း မှိုလိုပေါက်လာကြသည်။ “မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ” ဆိုသလိုပါပဲ အဖမ်းအဆီးများလေ အဖွဲ့တွေရဲ့ ၀င်ငွေဟာလည်း တိုးလေပါပဲ။ အထင်ကရ အဖွဲ့ကြီး တစ်ခုရဲ့ ဥက္ကဌ ဆိုသူက စီးကရက်ကို စတိုင်ကျကျဖွာရင်း လစဉ်ဝင်ငွေအတွက် ကြွားလုံး ထုတ်တာလေးကို ပြန်သတိရလို့ပင်နေမိသည်။
          အပေးအယူစနစ်နဲ့ လည်ပတ်နေတဲ့ နိုင်ငံရေးနှင့် လူမှုရေး အဖွဲ့အစည်းတွေရဲ့ ၀ဲဂယက်ထဲက ဖေါက်ထွက်သူ တချို့တော့ရှိခဲ့ပါသည်။ နိုင်ငံရေးသမား၊ ကျောင်းသားခေါင်းဆောင် စသည်ဖြင့် အမည် အမျိုးမျိုးတပ်ပြီး လုပ်စားနေတဲ့လူတွေကြောင့် ပျိုးခင်း(လူငယ်)ဆိုတဲ့အဖွဲ့ ဖြစ်လာခဲ့ရသည်။ အဖွဲ့ဝင် ကဒ်မရှိ၊ အဖွဲ့ဝင်ကြေးမလို၊ ယုံကြည်ချက်ရှိဖို့ပဲလိုပါသည်။ အင်းအားထက် တကယ်အလုပ်လုပ်မည့် လူတွေသာ လိုပါသည်။
          မိမိဘ၀ကို တိုးတက်အောင်ကြိုးစားရင်း အများပြည်သူအကျိုးကို စဉ်ဆက်မပြတ် သယ်ပိုးနေ ခြင်းဟာ ပျိုးခင်းရဲ့စိတ်ဓါတ်ပါ။
          ၂၀၀၆ခုနှစ်၊ သြဂုတ်လ၊ ၂၇(ရက်)နေ့ က စတင်ဖွဲ့ခဲ့တဲ့ ပျိုးခင်းဟာ စဉ်ဆက်မပြတ် ရုန်းကန် ခဲ့ပါသည်။
မလေးရှားရောက် မြန်မာအလုပ်သမားတွေ အတွက်
၁။ ကွန်ပြူတာသင်တန်း
၂။ အင်္ဂလိပ်စာ၊ စကားသင်တန်း
၃။ အခြေခံ IT သင်တန်း
တို့ကို ၂၀၀၆ မှ ၂၀၀၉ ထိ ဖွင့်လှစ်ပေးခဲ့ပါသည်။
ငွေကြေးထောက်ပံ့မှုအနေဖြင့်-
၁။ ရွှေဝါရောင် တော်လှန်ရေးကို ကူညီထောက်ပံ့ရန်အတွက် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား ကောင်စီမှ တဆင့် ပြည်တွင်းသို့               -         ရင်းဂစ် ၁၇၇၅၇
၂။ နိုင်ငံရေးအကျဉ်းသားများကို ကူညီရန်အတွက် NLD လူမှုအထောက်အကူပြုအဖွဲ့မှ တဆင့် ပထမအကြိမ်                                -         ကျပ်ငွေ ၁၀၀၀၀၀၀
၃။ ဖောက်ခွဲရေးမှုဖြင့် မတရားဖမ်းဆီးခံနေရသော မိသားစုနှစ်စုအတွက်
-            ဒေါ်လာ ၅၉၀
၎။ နိုင်ငံရေးအကျဉ်းသားများကို ကူညီရန်အတွက် NLD လူမှုအထောက်အကူပြုအဖွဲ့မှ တဆင့် ဒုတိယအကြိမ်                              -         ကျပ်ငွေ ၆၈၁၀၀၀
တို့ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။
          ပျိုးခင်းရဲ့ လုပ်ဆောင်မှုတို့သည် မြန်မာပြည်သူတွေ၏ အမှန်တကယ်လိုအပ်နေသည့် လိုအပ်ချက်နှင့် နှိုင်းယှဉ်လျှင် မြူမှုန်ထက်ပင် အဆပေါင်းများစွာ သေးငယ်ပါလိမ့်မည်။ သို့သော်လည်း ပျိုးခင်းကို ကူညီ ထောက်ပံ့ခဲ့သူ(အများစုမှာ ပြည်ပတွင် လုပ်ခနည်းနည်းဖြင့် ဘ၀ကို ခက်ခက်ခဲခဲရပ်တည်နေရသည့် လေးစားဂုဏ်ယူစရာ အမျိုးသားရေးစိတ်ဓါတ်ပြင်းထန်သူများ)တို့၏ မျှော်ကိုးမှုမပါတဲ့ စေတနာ၊ တာဝန်သိ မှုတို့ကိုတော့ဖြင့် မှတ်တမ်းတင် ဂုဏ်ပြုထိုက်ပါပေသည်။
          တချိန်သောအခါက အခြေအနေ၊ အချိန်အခါ အရ ပျိုးခင်း(လူငယ်)အဖွဲ့ကို ဖွဲ့စည်းခဲ့ရလို လက်ရှိ အခြေအနေအရ ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါသည်။ သို့သော်လည်း ပျိုးခင်း(လူငယ်)အဖွဲ့တွင် ပါဝင် ပတ်သက်ခဲ့သူတို့အနေဖြင့် အများအကျိုးပြုလုပ်ငန်းများတွင် တစ်ဦးချင်းအနေဖြင့် ဆက်လက်၍ အားကြိုး မာန်တက် ဆောင်ရွက်သွားကြပါလိမ့်မည်။

ထွန်းထွန်းနိုင်