Monday, November 23, 2009

နှစ်ဆယ့်တနှစ် ကဗျာ

နှစ်ဆယ့်တနှစ် ကဗျာ

အိုးဝေမျိုး

သြဂုတ် ၉၊ ၂၀၀၉

နှစ်ဆယ့်တနှစ်တဲ့… …
ချစ်စရာဒဏ်ရာ၊ကိုယ့်ဘာသာလျှာနဲ့လျက်
ပြန်တွက်ကြည့်တော့… … …။

၁၈ နှစ်သားလေးက အနောက်တိုင်းက ပြောပြောနေတဲ့ ဘ၀အစ ဆိုတာကို အစပြုတော့မယ်။
လောကကြီး အတွက်….
ကလေကချေလား၊ ဘိန်းစားလား
ကဗျာဆရာလား၊ ကျောင်းဆရာလား
တော်လှန်ရေးသမားလား၊ ဘူဇွာလား
ဆိုက္ကားသမားလား၊ ပညာတတ်လား
ကျားလား၊မ လား၊ မခွဲခြားနိုင်သေးတဲ့
ကလေး တယောက်တောင် ရတော့မယ်….။

ထောင်မှာလည်း ကျောချဖူး
တောမှာလည်း ခြေချရာချန်ဖူး
နိုင်ငံကိုလည်း ကူးခဲ့ပြီ….။

ဒီတော့…
ကျောမှာလည်း အရှိုးရာ
ခြေမှာလည်း ဒဏ်ရာ
သူများမြေမှာလည်း
လက်ထိပ်ရာတွေ ထပ်နေခဲ့
ကျေးဇူးတင်ပါတယ် … မေမေ …
ကျနော်..လူဖြစ်ခဲ့တာ။

ကျေးဇူးစာရင်းမှာ….၊
မျိုးစေ့တိုင်း ရှင်သန်ခွင့်ပေးတဲ့ မြေကြီး
သက်ရှိတိုင်းအတွက် အောက်စီဂျင်
စိတ်ဓါတ်တွေကို မဖျက်ဆီးနိုင်တဲ့ ဖိနှိပ်မှုများ
သောက်ဖေါ်သောက်ဖက်တွင်းထဲက
လောက်ခေါင် မိတ်ဆွေ ဇိုးသမားများ။
ဝါးကူထိုးတတ်တဲ့ သူငယ်များ၊
ရှိတ်စပီးယားကို မမီလိုက်လို့ ခုမှ မေးစေ့ကို လက်နဲ့ပွတ်သပ်၊
ပြဇာတ်တပုဒ်ကို စောင့်ကြည့်ချင်ကြတဲ့သူများ။

ဇာတ်နာအောင် ဇာတ်လည်း ဆောင်တတ်တဲ့
အဲန်ဂျီအို ဘောင်ချာထဲအမြဲလိုလို ဇာတ်လိုက်ဖြစ်နေတတ်တဲ့လုံခြုံရေးထိုင်းရဲများ

၂၁ နှစ် လှိုဏ်ခေါင်းထဲတုန်းက သိခဲ့…
အခုတလောလေးကမှ
*ယူရိုပီယမ် ဖြစ်သွားတဲ့…
မျက်နှာဖြူဖြစ်သွားတဲ့ …
*စကင်ဒီနေးဗီးယန်း ဖြစ်သွားတဲ့ …
*ဆူရှီဆိုင် ပိုင်သွားတဲ့…
ခုလောလောဆယ် *ဒိုနာကတော့ ငါပဲလို့ ဆိုကြသူများ..။

တော်လှန်ရေး ဆိုတာလွဲပြီး
… … … … … ရေး
… … … … … …ရေး
… … … … … … … … ရေး
ရေးပေါင်းများစွာနဲ့အရေးကြီးနေသူများ။

လုံခြုံရေးအရ ကားစီးသူများ
လုံခြုံရေးအရ လမ်းလျှောက်သူများ
လုံခြုံရေးအရ လမ်းပျောက်သူများ
လုံခြုံရေးအရ … …
လုံခြုံရေးအရ … …
လုံခြုံရေးအရ … …
တော်တော် တာ သွားတဲ့ စကားလုံး
ကျနော်လည်း သုံးဖူးတယ်၊
လုံခြုံရေးအရပဲ… ... မပြောတော့ပါဘူး။

ကျေးဇူးတင်ပါတယ်
ဘ၀ရေ…
ဘ၀ဆိုတာ စဉ်းစားရင်
ဘကြီး ဘုန်းကြီးကျောင်းက
ဟင်းလေးအိုးကို သတိရတယ်။

အချစ်ရေ….

အချစ်ဆိုတာ စဉ်းစားရင်
ခေါင်းအုံးတလုံး ဖျာတချပ်
ပေါပေါလောလော ဂွမ်းကပ်တထည်ထက်
ရိက္ခာဂိုထောင်မှာ တန်းစီရတာ
*တီဘီဘီစီ ငပိ ကို မာန်တက်ရတာ
သတိရတယ်။

တော်လှန်ရေး ရေ … …
သပိတ်စခန်းမှာ ထမင်းထုပ်အလှည့်ကျ ထမ်းခဲ့တယ်
ဒေါနတောင်ပေါ်မှာ
ကင်း အတူတူစောင့်ခဲ့တယ်
မာနယ်ပလောမှာ
ငပိနဲ့ငြုပ်သီးကျော် အတူတူ စားခဲ့တယ်
အင်းစိန် ပြစ်ဒဏ်တိုက်မှာ
သိုင်းဝထ္ထုတွေပြောလို့
ဝါဒါတွေက ငြိုးတေးခံရတာတွေ
သတိရတယ်။

အမုန်းရေ…
သူတည်းတယောက် ကောင်းဖို့ရောက်မူ
တိုင်းပြည်လုံးမှာ ပျက်လင့်စရာ ဓမ္မတာပဲလား
ကျည်ဆန်ရာ ဘက်နက်ရာနဲ့ ကြံတောက လူတွေ
စစ်ကားပေါ်က အရက်တိုင်ကီ
အင်းလျားကန်ဘောင်ပေါ်ကစီးသူမဲ့ ဖိနပ်တွေ၊
အစိမ်းရောင် တံခါးတွေ …
မုန်းလိုက် …

ခုတော့ …
*ဂျီတော့ မက်ဆေ့ခ်ျ ဘောက်စ်ထဲ
၈၈ ညတုန်းက ကျမက ကလေးပေါ့ လို့
ရေးထားတဲ့ ၂၁ နှစ်သမီး၊ ၂၁ နှစ်သား
*တွမ်တီဖတ်စ်တ် စင်ကျူရီ ရဲ့မျိုးဆက်များ
လွတ်လပ်ပွင့်လင်းစွာ ရဲတင်းစွာ၊
ပျော်ရွှင်စွာနဲ့ရယ်။

ကျနော်လည်း …
သြော်..ဘရူးတပ်စ် …လို့ မရေရွတ်ချင်တော့ဘူး
ဒဏ်ရာတွေထဲ
အုတ်နီခဲမှုန့်သွေးပြီး သိပ်လိုက်ပြီ
ဟင်းလေးအိုးရဲ့ အရသာကိုပဲ တစိမ့်စိမ့် ခံစားရင်း၊
ခု…ဂျပန်ဖယောင်းချက်လေး အိတ်ထဲ ပြန်ထည့်လိုက်တော့မယ် … အမေ။

ပုရစ် @ အိုးဝေမျိုး(၈.၈.၂၀၀၉)
http://moemaka.com/index.php?option=com_content&task=view&id=4605&Itemid=42 မှ(ကူးယူဖော်ပြပါသည်)

No comments: