Friday, November 6, 2009

မေ့ဆေးစားကြသူများ

မေ့ဆေးစားကြသူများ
သောကြာနေ့၊ 03 အောက်တိုဘာလ 2008 ကျော်သောင်း
ရှစ်လေးလုံး လူထုအုံကြွမှုကြောင့် အာဏာရှင်ဦးနေ၀င်း ၂၆ နှစ်ကြာထင်သလို ချယ်လှယ်အုပ်ချုပ်လာခဲ့သော မဆလ တစ်ပါတီ အာဏာရှင် စနစ်ကိုဗုန်းဗုန်း လဲစေခဲ့သော်လည်း အတိုက်အခံတို့ဘက်မှ ပြည်သူ့ကိုယ်စားပြု အစိုးရတစ်ရပ် အဖေါ်ဆောင်နိုင်ခဲ့သဖြင့် စစ်တပ်၏အာဏာသိမ်းခြင်းကို ခံခဲ့ကြရသည်၊၊ လူထုအုံကြွမှုကြီးအတွင်းကျောင်းသားပြည်သူ ရဟန်းရှင်လူ များစွာအသက် ပေးခဲ့ကြရသည်။ ဘ၀ပေါင်းများစွာ ပျက်စီးခဲ့ကြရုံမက အချို့မှာ မိသားစုနှင့်ခွဲခွာ၍ လွတ်မြောက်နယ်မြေ အသီးသီး သို့ရှောင်တိမ်းလာခဲ့ကြသည်။ ရှောင်တိမ်းမရ လိုက်သူများနှင့် ပြည်တွင်းမှာထောင်ပဲ ကျကျ၊ အသက်ပဲသေသေ အာဏာရှင်ကို အနီးကပ်တိုက်မည်ဟူသော ရဲရင့် တောက်ပြောင်သောသူရဲကောင်း ရှစ်ဆယ့်ရှစ် သတ္တိရှင်အဖွဲ့ဝင်များးထောင်ကျခံ၍ ပြည်တွင်းတွင် ကျန်နေခဲ့ကြသည်။

ကျောင်းစိမ်းလုံချည်ဝတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းပုံကို ကိုင်ဆောင်ရင်း၊ ကျောင်းသားကြီးများ၏ရှေ့ မှချီတက်လာ ကြသော မူလတန်း အလယ်တန်းကျောင်းသူ ကျောင်းသားငယ်များက သေနတ်ကိုင် စစ်ဗိုလ်စစ်သားများကို“ဗိုလ်ကြီးတို့ရယ် ကိုကိုကျောင်းသားတွေနဲ့ မမကျောင်းသူတွေကို မပစ်ကြပါနဲ့ ကျနော်တို့ကျမတို့ ရှိခိုးတောင်းပန်ပါတယ်” ဆိုပြီး ငိုယိုပြောဆိုနေတဲ့ကြားက ပစ်သတ်လိုက်တဲ့ မြင်ကွင်းတွေဟာ မျက်စိထဲက မထွက်နိုင်၊ အပြစ်မဲ့ ကျောင်းသား ပြည်သူ ရဟန်းရှင်လူများကို ရက်ရက်စက်စက် သတ်ဖြတ်ရဲသော အာဏာရှင်လက်ကိုင်တုတ် စစ်တပ်ကိုလက်နက်ကိုင်ပြီး တိုက်မှရတော့မယ်လို့ ဆုံးဖြတ်ပြီး ပညာတတ်တွေ အပါအ၀င် လူငယ်ရွယ်များစွာ တောထဲရောက်လာကြခဲ့ကြသည်။ ရှစ်လေးလုံး နောက်ပိုင်းမှစ၍ စစ်အာဏာရှင်များကို နည်းမျိုးစုံနှင့်တော် လှန်ရင်း နယ်စပ်သို့ အသီးသီးရောက်ရှိလာခဲ့ ကြသည်။ ထိုမျှမက စစ်အစိုးရ၏ မဟာဗျူဟာမြောက်အမြစ်ပြတ် ချေမှုန်း ခြင်းကြောင့်နိုင်ငံရေးပါတီမှ နိုင်ငံရေးသမားများ၊ ၉၀ ပြည့်ရွေးကောက်ခံ အမတ်များလည်းရောက် လာခဲ့ကြသည်၊၊

ဒီပဲယင်း လူသတ်ပွဲ နှင့်၂၀၀ရ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်းတွင်လည်းလွတ်မြောက်နယ်မြေသို့ မြန်မာ အတော်များများ ရောက်လာခဲ့ကြရုံမက ပြီးခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်း နောက်ပိုင်း တွင်းလည်းမြန်မာ လူမျိုးများ အမြောက်အမြား ထပ်မံရောက်ရှိလာခဲ့ကြသည်။ အလားတူ စီးပွါးရေးကျပ်တည်းမှု၊ နှင့်စစ်အစိုးရ၏လူမျိုး တုံးသတ်ဖြတ်မှု ပြည်တွင်းစစ်တို့ကြောင့် အရှေ့အနောက် မြန်မာနယ်စပ် တလျှောက် မြန်မာနိုင်ငံသားများစွာရောက်ရှိ နေကြပြီးဖြစ်သည်၊၊

ထိုသို့ ရောက်ရှိလာကြသော နိုင်ငံရေး၊ စစ်ရေးကြောင့်၊ အနောက်နိုင်ငံကြီးများက တတိယနိုင်ငံများတွင်အခြေချနေထိုင် ခွင့်ပြု ခြင်းစီမံကိန်းအရ ၂၀၀၅ ခုနှစ်မှစ၍ ဒုက္ခသည်များကို လက်ခံခဲ့သည်မှာ ယခုနောက်ဆုံးစါရင်း အရမြန်မာနိုင်ငံသား ပေါင်း သောင်းဂဏန်းအထိ အခြေချ နေထိုင်နေကြပြီးဖြစ်သည်။ နိုင်ငံတကာ မိသားစုများ၏ စေတနာ မေတ္တာများမှာ အထူးသာဓုခေါ်စရာ ကောင်းပါသည်။ သို့သော် သာဓုမခေါ်ချင်သူများမှာ “မေ့ဆေးစားကြသူများ” သာဖြစ်သည်။


အမှန်တကယ် နယ်စပ်တွင် လုံခြုံရေးအခြေအနေတို့ကြောင့် တတိယနိုင်ငံများသို့ ထွက်ခွာသွားကြသူများ အနက် စစ်အာဏာရှင်စနစ်ကို တော်လှန်ခဲ့ကြသော ပုဂ္ဂိုလ်များပါဝင်သကဲ့သို့ စစ်အစိုးရ ရက်စက်ယုတ်မာမှုများနှင့် နိုင်ငံတကာ မိသားစုများ၏ သနားကြင်နာမှုများကို အခွင့်ကောင်းယူပြီး တတိယနိုင်ငံများသို့ ဒုက္ခသည် လှေကြုံ စီးသွားကြသူများ၊ လူလိမ်လူညာများ အမြောက်အများ ထွက်ခွာသွားကြပြီးဖြစ်သည်။ မိသားစုတစ်ခုလုံးက တတိယနိုင်ငံများသို့ခေါ်ယူ ခဲ့ကြသည်။ ထိုထက်ဆိုးသည့် လိမ်လည်မှုမှာ မျိုးနွယ်နှင့်ချီ၍ ရောက်ရှိ နိုင်ရေးအတွက် အပတ်တကုတ် ကြိုးစားနေသည့် အဖွဲအစည်းများရှိနေကြသည်။ ဤသို့တတိယနိုင်ငံ ထွက်ခွာရေး အတွက် ထိုင်းနယ်စပ်တွင်ဈေးကွက်ကြီးတစ်ခုဖြစ်နေ ပါသည်။

စစ်ဗိုလ်များ၊ အစိုးရ၀န်ထမ်းများ အပါအ၀င် ငွေကြေးတတ်နိုင်သူများ နိုင်ငံရေးနှင့် လုံးဝ (လုံးဝ) မပတ်သက်ဖူးသူများ အမြောက်အမြား တတိယနိုင်ငံများသို့ ပျော်ရွှင်စွာထွက်ခွာသွားပြီး၊ ထွက်ခွာ နေကြဆဲဖြစ်သည်။မိမိတို့ငွေကြေးတတ်နိုင် ၍ သိန်းပေါင်းများစွာ အကုန်အကျခံပြီး ထွက်ခွာသူများနှင့် ဒုက္ခသည်လှေကြုံ စီးသွားကြသူများ၊ လူလိမ်လူညာများကို အားပေးကူညီကြသူများမှာ၊ ဒုက္ခသည် စခန်းတာဝန်ခံများနှင့် ဒေသအခြေစိုက်ယူအန် အရာရှိများနှင့် ပွဲစားများ၊မျိုးရိုး နှင့်ချီ၍ နိုင်ငံကြီးများသို့ ရောက်ရှိ ရေး ဆောင်ရွက်နေကြသော အဖွဲ့အစည်းများ ပေါ်ပေါ်ထင်ထင်လှုပ်ရှားလျက်ရှိ နေကြဆဲဖြစ်သည်၊၊

ကျနော်တို့ မျက်စေ့ရှေ့ကပင်၊ ထိုင်းနိုင်ငံ မြန်မာသံရုံးရှေ့ တွင် မြန်မာ့အရေး လှုပ်ရှားတက်ကြွသူများနှင့် တစ်ကြိမ် တစ်ခါမှ မပါဖူးကြသူများ၊ ဘန်ကောက်တွင် အလုပ်လုပ်နေရင်း (ဒေါ်အောင်ဆန်းစုကြည် စီး သောကားကို မောင်းသော ကားမောင်းသမား၏ သားသမီး ဇနီးလုပ်လိုက်ကြသူများ၊ ရခိုင်မှာ ဆင်ဖြူဖမ်းစဉ်ပေါ်တာဆွဲခံရလို့ ဆိုသူကဆို၊ ဒီပဲယင်းမှာ ပါဝင်ခဲ့သည်ဟု ပြောလိုကပြော၊ထိုင်းကို ရောက်မှ အင်န်အဲလ်ဒီနှင့် ဆွေမျိုးစပ်သူကစပ်၊ ရွေးကောက်ပွဲအနိုင်ရ အမတ်မင်းများ၏ မိသားစုဖြစ်သူကဖြစ်၊) လိမ်သွားလိုက်ကြသည်။

အမေရိကန်ကို ရောက်ရှိသွားပြီဖြစ်သော ကျနော့်မိတ်ဆွေ တစ်ယောက်က “ကမ္ဘာမှာ အဆင့်မြင့် ပညာတွေလည်းတတ်၊ အကောင်းဆုံး အဆောက်အဦးကြီးတွေနဲ့ လိမ်လို့ရတာ ယူအင်တစ်ဖွဲ့ပဲရှိတယ်” လို့ပြောဖူးပါတယ်။ သူသည်ကြုံရာလုပ်၊ သောက်စားပျော်ပါးပြီးနေသွားသော လူငယ်တစ်ဦးသာဖြစ်သည်။ ၂၀၀၄၊၂၀၀၅ ပတ်ဝန်းကျင်က ယူအင်ခေတ်ကို မီလိုက်သူများ ဘန်ကောက်မှာ အထူးကောင်းစားခဲ့ကြသည်။ ယူအင်အောင်ပြီး သူများနှင့် လက်ထပ်၍လည်း တတိယနိုင်ငံများသို့ ရောက်ရှိသွားကြသည်။

မည်သည့်နည်းနှင့်ရောက်ရောက်၊ တတိယနိုင်ငံသို့ ရောက်ရှိသွားကြသူဟူသမျှ၊ လူ့အခွင့်အရေးချိုးဖေါက်ခံနေ
ရသော မြန်မာနိုင်ငံကို လက်ညှိုးထိုးပြီး ရောက်ရှိသွားကြသူများ ချည်းဖြစ်သည်။ ဤသူများသည် နိုင်ငံရေးကိုခု
တုံးလုပ်၊ အကြောင်းပြပြီး ရောက်ရှိသွား ကြသူများဖြစ်ကြသည်။ ဗိုလ်သန်းရွှေတို့ အုပ်ချုပ်နေ၍ ငါတို့အလကား
ရောက်ကြရသည်ဟု ဆိုသူများပင်ရှိကြသည်၊၊

“တတိယနိုင်ငံသို့ ထွက်ခွာခါနီးသူတို့ ပြောလေ့ပြောထရှိသော စကားများမှာ”
(၁) ငါဟိုမှာ နိုင်ငံသားဖြစ်ပြီးရင် ချက်ချင်းထိုင်းကိုပြန်လာပြီး စစ်အစိုးရကိုပြုတ်အောင်တိုက်မယ်။
(၂) ငါ ဟိုကိုရောက်ရင် ငါတို့အဖွဲ့အတွက် လိုအပ်တာဟူသမျှငါ ထောက်ပံ့မယ်။
(၃) မင်းတို့ တော်လှန်ရေး ဆက်လုပ်နေလိုက်ကြ ငါ ဟိုကို ရောက်ရင် မင်းတို့ကို စပွန်ဆာပေးမယ်။
(၄) ငါ မင်းတို့နဲ့အတူနေခဲ့၊ ငတ်ခဲ့တာတွေ ဘယ်တော့မှမမေ့ဘူး။ ငါ အဆင်ပြေတာနဲ့ မင်းတို့အဆင်ပြေ
စေရမယ်ငါ ကတိပေးတယ်၊၊

တတိယနိုင်ငံများသို့ ရောက်ရှိကြသူများသည်၊ ရောက်စက တစ်ခါတစ်လေဖုန်းဆက်တတ် ကြသော်လည်းလမှသည် နှစ်သို့ ပြောင်းလာသောအခါ အချို့မှာ ထိုင်းမှာ ကျန်နေခဲ့သော သူငယ်ချင်းများ၏ အမည်ကိုမမှတ်မိ တော့ချေ။ အင်တာ နက်ပေါ် တွင်တွေ့၍ ဂျီတော့ (ကွန်ပျူတာစာရိုက်ပြောစနစ်) ဖြင့်နုတ်ဆက်ပါက အလုပ်များကြောင်း စာရေး၍ပြန်ပြော တတ်ကြသည်။

နိုင်ငံကြီးများက ဖုန်းစရိတ်သက်သာသော်လည်း ဖုန်းမဆက်တော့ပေ။ ထိုင်းမှဆက်သော်၊ ကားဝယ်ထား ၍ကြွေးတင် နေကြောင်း၊ မြန်မာပြည်က မိမိနေရပ်မှာ အိမ်အသစ်ဆောက်နေကြောင်း၊ လုပ်ငန်းတစ်ခုလုပ် နေကြောင်း၊အကြွေးများ ရှိကြောင်း သာပြောတတ်ကြပါသည်။ အချို့က ပြောကြသည်မှာ အဖွဲ့ကိုထိမ်းထားပါ။ ကျနော်တို့ နောက်ကူညီပါမည်နှင့် ရှောင်လင်စကားများကို တွင်တွင်ပြောလျက် တော်လှန်နယ်မြေတွင် ကျန်နေခဲ့ကြသော မိခင်အဖွဲ့အစည်း၊လုပ်ဖေါ် ကိုင်ဘက်များကိုတဖြည်းဖြည်း အဆက်အသွယ် ဖြတ်တောက် သွားကြသူကများသည်။

တတိယနိုင်ငံသို့ ရောက်ရှိသွားသော လုပ်ဖေါ်ကိုင်ဖက်များက အမြဲထောက်ပံ့၍ ရပ်တည်နေရသော အဖွဲ့အစည်း၊ စာအုပ် စာစောင်းဟူ၍မရှိသလောက်ရှားသည်။

ကျနော်နှင့် အထူးခင်မင်သော ထိုင်းနိုင်ငံတွင် အခြေစိုက်၍ မြန်မာ့ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးများကို လုပ်နေသော မိတ်ဆွေတစ်ယောက်က၊ ကျနော့်ကိုပြောဖူးသည်။ “တတိယနိုင်ငံကို ဒုက္ခသည် လျှောက်ပြီးရောက်သွားကြတဲ့လူတွေဟာ၊ သူတို့ တတိယနိုင်ငံကိုထွက်ခွာစဉ်၊ စီးသွားတဲ့ လေယာဉ်မှာ အစားအစာတွေ ကျွေးမွေးရာမှာ မေ့ဆေးပါတယ်။အဲဒီ မေ့ဆေးကတော့၊ ငါဘာကြောင့် ဒီလိုတိုးတက်တဲ့ နိုင်ငံကို ရောက်လာသလဲ ဆိုတာကို မေ့တဲ့မေးဆေးပါ” ဟူ၍ကျနော့်ကို ပြောပါသည်၊၊

အချို့ဆိုလျှင်၊ ဒုက္ခသည် အဖြစ်ရောက်သွားသည်ဟု မထင်တော့ပဲ မိဘချမ်းသာ၍ တရားဝင်ပတ်စပို့ဖြင့်ရောက်လာသလို၊ မိမိနိုင်ငံရေးကို အကြီးအကျယ် လုပ်လာသဖြင့် ရောက်လာသလို၊ မိမိတော်လွန်း၍ ရောက်လာသလို အပေါက် မျိုးချိုး ကြကုန်သည်။ ထိုင်းမှာ ကျန်နေခဲ့ကြသူများကို ဆက်သွယ်ပါက တစ်ခုခု အကူအညီပေးရမည်ကို စိုးရိမ်၍ တော်ရုံနှင့် အဆက်အသွယ် မလုပ်လိုကြတော့ပေ။ သြော်ထိုသို့သော သူများကို မေ့ဆေးစားကြသူများ ဟူ၍မှတ်ချက်ပြုနေမိတော့ သည်။

No comments: