‘‘ မွေးရပ်မြေရဲ့အကြောင်း ’’
ကမ္ဘာအရပ်ရပ်က‘‘ရွှေ’’.....တံဆိပ် လော်စပီကာတွေ
ကူပါကယ်ပါ တကြော်တကြော် အော်နေရတဲ့
ကျတော့ရဲ့ မွေးရပ်မြေ အကြောင်းနဲ့
ခင်ဗျားတို့ နားထဲကို သံရည်ပူလောင်းပါရစေ။
ဆရာဝန်တွေက ဆေးရောင်း၊
အင်ဂျင်နီယာတွေက ဈေးရောင်း၊
တော်သူတွေ အကုန် ဘေးဂျောင်း၊
လူငယ်တွေ အကုန် အတွေးစောင်း၊
ခွင်ရှာနိုင်မှ သူဋ္ဌေးလောင်း ဖြစ်နိုင်မယ်။
အစိုးရကအစ သူခိုးဓါးပြတွေ ဆို..
ပေါင်းစားတက်မှ မိုးကျရွှေကိုယ်
တိုင်းပြည်တခုလုံး ပိုးကျနေလို့
သူများဆီမှာ ကျွန်ခံဖို့ go ကြပေသဗျို့ ။
ညာဥ့်ငှက်မလေးတယောက်က ဖောက်သည်မျှော်၊
မိန်းမတန်ဖိုးကိုရောင်းစားဖို့ စောင့်နေမယ်နော်..တဲ့
ဈေးသည်မလေးတယောက်က ၀ယ်သူမျှော်၊
အကြွေးပင်လယ်ကြီးထဲ ကယ်သူမပေါ်၊
ခေတ်ကြီးကိုယ်က လည်သူဆော်။
ရှေ့နောက်မစဉ်းစားမိတဲ့ မောင်နှံ၊
ရှိသမျှပစည်းတွေကို ပေါင်နှံ၊
မွေးလာမယ့်ကလေးက အချောင်ခံ။
ဂျာနယ်တွေက အတင်းအဖျင်းရောင်းစား၊
လူပွဲစားတွေက အချင်းချင်းရောင်းစား၊
လူတချို့ကလမ်းမတွေပေါ်မှာတောင်းစား၊
ကလေးငယ်တစ်ယောက်မျက်နှာငယ်လေးနဲ့ကျောင်းသွား၊
ပါရာဒိုတစီးက ဗွတ်တွေစင်အောင်မောင်းသွား၊
ငါတို့ငိုသံတွေကို
ိုအိမ်နီးချင်းနိုင်ငံတချို့က မကြားချင်ယောင်ဆောင်နေကြတယ်၊
ဖျာခင်းချင်သူတချို့ကလည်း သနားချင်ယောင်ဆောင်နေကြတယ်။
မီးခဲကိုင်ထားရသလိုပဲဆိုတဲ့ စေတနာရှင်တို့...
ဦးတည်ချက်ဆယ့်နှစ်ရပ်နဲ့ တိုင်းပြည်ကိုဖျက်နေတာလား။
ခင်ဗျားတို့ စကားလုံးကြီးကြီးတွေက ကော်ပီသံစဉ်တွေပါ၊
တပြည်လုံးလည်းနားညည်းနေပြီ အော်ဂလီဆန်ချင်စရာ။
ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတော့လည်း
မနှစ်ကလည်းဒီနေရာ
ဒီနှစ်လည်းဒီနေရာ
ရပ်နေလည်းဒီလောက်
ပြေးသွားလည်းဒီလောက်မို့
ငါ့ခြေထောက်တွေကတောင် ငါ့ကိုပြောတယ်
သူတို့ ဆက်မလျှောက်ချင်တော့ဘူးတဲ့။
ငါ့လက်တွေကလည်း သစ္စာဖောက်ပြန်တယ်
အရှုံးပေးလက်မြောက်ပြီး ထောက်ခံတယ်။
ဒီလိုနဲ့.....
စိတ်ထဲမှာပဲ သိမ်းထားနေရတဲ့အိပ်မက်တွေလည်း ခေါက်ရိုးကြေ၊
ဖြစ်ချင်တာနဲ့ ဖြစ်လာတာတွေက ဇောက်ထိုးတွေ။
လူ့သက်တမ်းတ၀က်ကျိုးပြီဆိုတဲ့ အချက်ပေးသံတွေလည်း လာပြန်ပြီ၊
ကျန်တဲ့သက်တမ်းတ၀က်ကို ဆက်လျှောက်လှမ်းဖို့တောင် အီလာပြီ။
‘‘ဆန်တပြည်ကို ၁၅၀၀ တောင်’’ အဲဒါ အဖွားညည်းတဲ့အသံ၊
‘‘မြန်မာပြည်ဟာ ဘယ်သူမှမနေချင်တော့တဲ့ အရပ်ဖြစ်သွားပြီ’’
အဲဒါ ခါးသီးတဲ့အမှန်။
ဒီကြားထဲ.....
နာဂစ်ကတချက်မွှေ့၊
ဧရာဝတီက လူတွေခမျာ အသက်စေ့၊
တချို့လူတွေကလည်း အကွက်ရွေှ့၊
အစိုးရ ကုလားထိုင်ကတော့ တချက်မရွေ့၊
မြန်မာပြည်ကြီးကတော့...
ဝမ်းဗိုက်ဟောင်းလောင်းနဲ့ အခက်တွေ့။
အစိုးရကအစ သူခိုးဓါးပြတွေဆို၊
ပေါင်းစားတက်မှ မိုးကျရွှေကိုယ်၊
တိုင်းပြည်တခုလုံး ပိုးကျနေလို့၊
သူများဆီမှာ ကျွန်ခံဖို့ go ကြပေသဗျို့........။ ။
ကောင်းကင်ကို
( ဒီကဗျာလေးက ဒီအချိန်မှာ ကျုပ်တို့မြန်မာပြည်သားတွေအဖို့ အံဝင်လှလို့ ကူးယူပြီး ဖေါ်ပြပေးလိုက်ပါတယ်။ကဗျာဆရာဘယ်သူမှန်းမသိလို့ ခွင့်တောင်းချင်ပေမယ့် ခွင့်တောင်းခွင့်မရတာ ၀မ်းနည်းပါတယ်။
ဆရာကောင်းကင်ကိုရေ..တောင်းပန်ပါတယ်။ ဒီကဗျာလေးဘယ်နေ့က ရေးမှန်းမသိရပေမယ့် ဒီဘလော့ဂ်မှာတင်တဲ့ ရက်ကတော့
၁၄.၉.၂၀၀၈ ပါ )
1 comment:
ရပါတယ်ဗျ။ ခံစားချက်တွေ ဖြန့် ဝေခွင့်ရရင်ပဲ ကျေနပ်ပါတယ်။ မသိလို့ နာမည် မတပ်တာ ဘာမှ မဖြစ်ပါဘူးဗျာ။ ခံစားချင်း ခံယူချက်ခြင်းတူသူတွေက နှစ်သက်လို့ ဖြန့် ဝေတာမျိုးကို ကြိုက်ပါတယ်။ နောက်လည်း ကြိုက်တာရှိရင် ယူသုံးနိုင်ပါတယ်ဗျာ။
Post a Comment