Monday, January 5, 2009

၂၀၀၉ နှစိသစ်ကူးကာလရဲ့ မင်္ဂလာသတင်းနှင့် အမင်္ဂလာသတင်း

၂၀၀၉ခုနှစ် နှစ်သစ်ကူးကာလတွင်ကြားလိုက်ရတဲ့ မင်္ဂလာ စကား

ကြားဖြတ် ရွေးကောက်ပွဲလုပ်ပြီး လွှတ်တော်ခေါ်ဖို့ ဒဂုန်တာရာ တိုက်တွန်းNEJ/ ၃ ဇန်န၀ါရီ ၂၀၀၉


သေဆုံးပြီးသူများ အပါအဝင် လစ်လပ်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ် နေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲများ ပြုလုပ်ကာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် အသစ်များဖြင့် ၉ဝ ရွေးကောက်ပွဲနိုင် လွှတ်တော်ကိုယ်စားလှယ်များ ပေါင်းပြီး လွှတ်တော်တရပ် ခေါ်ယူရန် လူအများလေးစားသည့်ဆရာကြီး ဒဂုန်တာရာက တိုက်တွန်းလိုက်ကြောင်း သိရသည်။
ဆရာကြီးဒဂုန်တာရာ၏တိုက်တွန်းချက်ကို ပြည်ပမီဒီယာတခုခုတွင် ဖော်ပြထားခြင်း မဟုတ်ဘဲ ပြည်တွင်းထုတ် ရန်ကုန်တိုင်းမ် ပုဂ္ဂလိက အပတ်စဉ်ထုတ် ဂျာနယ်၌ ဖော်ပြထားသည့်အတွက် သတင်းသမားများနှင့် စာဖတ်သူများ စိတ်ဝင်စားနေကြကြောင်း စုံစမ်းသိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပုဂ္ဂလိက ဂျာနယ်အယ်ဒီတာတဦးက “ဒီလို ဖော်ပြခွင့်ပြုတာမျိုး ထူးခြားတယ်။ ဒီလို ဖော်ပြခွင့်ရလို့ စစ်အစိုးရဟာ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တစုံ တခု လိုက်လျောလိမ့်မယ်လို့တော့ ယူဆလို့ မရဘူး။ သူက သူ့ရဲ့ Road Map (၇) ချက်နဲ့ပဲ သွားမယ်ဆိုတာ ပြောပြီးသား။ ဘာပဲဖြစ်ဖြစ် နိုင်ငံရေးသမားကြီးတွေ စာရေးဆရာကြီးတွေရဲ့ အမြင်တွေကို ဖော်ပြခွင့်ပေးတာတော့ ကောင်းပါ တယ်” ဟု ပြောသည်။
အဆိုပါ ဆောင်းပါးကို ဇန်နဝါရီ (၁) ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ် စာမျက်နှာ (၂၄) တွင် ဖော်ပြထားပြီး “နိုင်ငံရေးပါတီများနှင့် မြန်မာ့နိုင်ငံရေးမြင်ကွင်း သစ် ၂ဝဝ၉ တွင် ပုံပေါ်လာမည်” ဆိုသည့် ခေါင်းစဉ်ဖြင့် ဖော်ပြထားခြင်းဖြစ်သည်။
ဒဂုန်တာရာအပါအဝင် ဝါရင့်နိုင်ငံရေးသမားဟောင်းကြီး သခင်သိန်းဖေ၊ သခင်လှကွန်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ကြီးတို့ကို တွေ့ဆုံကာ သူတို့ရဲ့ အမြင်များကို ရေးသားဖော်ပြထားခြင်းဖြစ်သည်။

၂၀၀၉ ခုနှစ် နှစ်သစ်ကူးကာလတွင်ကြားလိုက်ရတဲ့ အမင်္ဂလာစကားကတော့

စင်ပြိုင်အစိုးရတရပ် ဖွဲ့စည်းရန် အမျိုးသားကောင်စီ စီစဉ်နေပြီ (အင်တာဗျူး)


အင်တာဗျူး
ဇာနည်
စနေနေ့၊ ဇန်နဝါရီလ 03 2009 15:12 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရ ဖြုတ်ချရေး နိုင်ငံရေးလှုပ်ရှားမှုများ ပိုမိုထိရောက်စွာ လုပ်ကိုင်ရန်အတွက် စင်ပြိုင်အစိုးရ တရပ်ကို ဖွဲ့စည်းရန် စီစဉ်နေသည်ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB က စီစဉ်နေသည်။ လက်ရှိ ဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေး အခြေအနေသည် စစ်အစိုးရကို ဖြုတ်ချရန်အတွက် လုံလောက် ထိရောက်မှု မရှိသေးသဖြင့် ယခုလို စင်ပြိုင်အစိုးရ ဖွဲ့ရန် စီစဉ်ခြင်းဖြစ်သည်ဟု NCUB ၏ ဇန်န၀ါရီ ၁ ရက်နေ့၊ နှစ်သစ်ကူး အထူး ထုတ်ပြန်ချက်က ဆိုသည်။ NCUB တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ဦးမြင့်သိဏ်းကို မဇ္ဈိမ သတင်းထောက် ဇာနည်က ဆက်သွယ် မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။မေး။ ။ NCUB က စင်ပြိုင်အစိုးရတရပ် ဖွဲ့စည်းဖို့ ဖြစ်လာရတဲ့ အကြောင်းရင်း သိပါရစေ။ ဖြေ။ ။ မြန်မာနိုင်ငံမှာရှိတဲ့ လက်ရှိ အခြေအနေတွေအောက်မှာ ကျနော်တို့ စဉ်းစားလာတာက ရှိထားပြီးသား အခြေအနေတွေနဲ့ မလုံလောက်ဘူးလို့ မြင်တယ်။ ဒီနေ့ ရှိထားပြီးသား အခြေအနေတွေက စစ်အုပ်စုကို သေသေချာချာ တိုက်နိုင်တဲ့ အဆင့်မရှိဘူး။ ဖယ်ရှားနိုင်တဲ့ အဆင့်မရှိဘူး။ နောက်တခုက မြန်မာပြည်မှာ ရှိတဲ့ ပြည်သူလူထုတွေ ခံစားနေရတဲ့ စစ်အုပ်စုတွေရဲ့ ဖိနှိပ်မှုတွေအပေါ်မှာ အကာအကွယ်ပြုနိုင်မယ့် အခြေအနေမျိုးတွေ လုံးဝ မရှိဘူးလို့ ကျနော်တို့ မြင်လာတဲ့အခါမှာ ဒီ့ထက် အကျိုးရှိတဲ့၊ ဒီထက် ထိရောက်တဲ့ အခြေအနေတွေကို ဖော်ဖို့အတွက် အခုလိုမျိုး အစီအစဉ်ကို ကျနော်တို့ စီစဉ်ရတာ ဖြစ်တယ်။ အဲလို စီစဉ်ဖို့လည်း ကျနော်တို့ အနေနဲ့ စပြီးတော့ စဉ်းစားပြီးတော့ အကောင်အထည်ဖော်ဖို့ ကြိုးပမ်းတာ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့တော့ ကျနော်တို့ အဓိက ကြည့်တာက ကျနော်တို့ တိုင်းပြည်နဲ့ ပြည်သူလူထုတွေရဲ့ ခံစားနေရတဲ့ ခံစားချက်တွေကို ဖယ်ကျဉ်ဖို့နဲ့ အဲဒီဟာကို သူတို့အနေနဲ့ ကာကွယ်စောင့်ရှောက်ဖို့ လိုတယ်။ အဲဒီကနေမှ စစ်အုပ်စုကို ဘယ်လိုဖယ်ရှားမလဲဆိုတဲ့ ခြေလှမ်းတွေကို စဉ်းစားပြီးတော့ ဒီအစီစဉ်ကို လုပ်တာ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့တော့ အောင်မြင်မယ်လို့ အတိအကျ၊ အခိုင်အမာ ယုံကြည်ပြီးတော့ ကျနော်တို့ ဒီလုပ်ငန်းကို စတင်ပြီးတော့ စီစဉ်တာဖြစ်ပါတယ်။မေး။ ။ အခုလို ဖွဲ့စည်းမယ့် စင်ပြိုင်အစိုးရအဖွဲ့မှာက ဘယ်သူတွေနဲ့ ညှိနှိုင်းဖွဲ့စည်းမှာပါလဲ။ ဖြေ။ ။ နှစ်ပေါင်း ၅၀ ကျော် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ။ နောက်ပြီးတော့ ဒီက ဒီမိုကရေစီ အင်အားစုတွေ၊ နောက် ၁၉၉၀ ရွေးကောက်ပွဲက ရွေးချယ်တင်မြှောက်ခံရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ၊ နောက် နိုင်ငံတကာမှာ ရှိတဲ့ တတ်သိပညာရှင် မျိုးချစ်နိုင်ငံသားတွေ၊ သူတို့အားလုံးနဲ့ ပေါင်းစပ်ပြီးတော့ ဒါကို ဖွဲ့စည်းသွားမှာပါ။မေး။ ။ အခုလို စင်ပြိုင်အစိုးရကို ဖွဲ့စည်းမယ့်အပေါ်မှာ နိုင်ငံတကာ ထောက်ခံမှုကကော ဘယ်လောက်ရနိုင်မယ်လို့ ထင်ပါသလဲ။ ဖြေ။ ။ ကျနော်တို့ကတော့ မျှော်လင့်ချက် အများကြီး ထားပါတယ်။ ဘာလို့လဲဆိုတော့ တကယ် စစ်မှန်ကောင်းမွန်တဲ့ အုပ်ချုပ်မှု ပုံစံတရပ်ကို လက်တွေ့ အကောင်အထည်ဖော်မယ်။ နောက်တခုအနေနဲ့က ကျနော်တို့ နိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေးဖြစ်တည်မှု သမိုင်းတွေနဲ့ ကိုက်ညီမယ်ဆိုရင် ကျနော်တို့ နိုင်ငံတကာကနေ အသိအမှတ်ပြုမှု ထောက်ခံမှုတွေနဲ့ အားပေးမှုကို ရလာလိမ့်မယ်လို့ ကျနော်တို့ကတော့ အခိုင်အမာ ယုံကြည် မျှော်လင့်ထားပါတယ်။မေး။ ။ ဒီလိုဖွဲ့စည်းတာဟာ တကယ့်အစိုးရ တရပ်လို ဖော်ဆောင်သွားနိုင်မှာပါလား။ ဖြေ။ ။ တကယ့်အစိုးရ တရပ်အနေနဲ့ ဖော်ဆောင်ပြီးတော့ တိုက်ပွဲဝင်သွားမှာပါ။ ဘာလို့လဲဆိုတော့ အစိုးရ ဖွဲ့စည်းတယ်ဆိုရင် သူ့မှာ ကိုယ်ပိုင်နယ်မြေ ရှိဖို့လိုတယ်။ ကိုယ်ပိုင်တပ်တွေ ရှိဖို့လိုတယ်။ အုပ်ချုပ်ခံတဲ့ ပြည်သူလူထု ရှိဖို့လိုတယ်။ အစိုးရရဲ့ ဖွဲ့စည်းအုပ်ချုပ်မှု ယန္တရားတွေ ရှိဖို့လိုတယ်။ အဲဒီလို အစိုးရ ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီးတော့ လိုအပ်ချက်ရှိတဲ့ အခြေခံ အချက်တွေနဲ့ ကိုက်ညီအောင် အဓိကထားပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် ကျနော်တို့ကတော့ အောင်မြင်မယ့် ကိစ္စဖြစ်တယ်။ နောက် နိုင်ငံတကာက အသိအမှတ်ပြုမှုကိုလည်း အများကြီး ရလာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။မေး။ ။ ဒါဆိုရင် NCUB၊ စင်ပြိုင်အစိုးရ အနေနဲ့က လက်နက်ကိုင်တပ်ကို ထူထောင်မှာပါလား။ ဖြေ။ ။ ကျနော်တို့မှာ အခုလည်း ရှိပါတယ်။ အဲဒါက တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စုဖွဲ့ထားတာပါ။ NCUB က လက်နက်ကိုင် တိုက်ပွဲလမ်းစဉ်မှာ ခိုင်ခိုင်မာမာ ရပ်ပြီးတော့ လုပ်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်။ ဒီလိုပါ Non Violence တို့ လက်နက်ကိုင်တိုက်ပွဲတို့ ဆိုတာတွေက သတ်မှတ်ချက်နဲ့ ပြောနေတဲ့ ကိစ္စပါ။ လက်တွေ့ ပြောရမယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေကို သူတို့ နေရင်းဒေသတွေမှာ အေးအေးချမ်းချမ်း နေလို့မရတဲ့ အခြေအနေဖြစ်အောင် စစ်အုပ်စုရဲ့ မတရားဖိနှိပ်ပြီး တိုက်ပွဲဝင်မှုတွေကို အချိန်နဲ့အမျှ ခံစားနေရတာ ရှိတယ်။ အဲဒီတော့ ကျနော်တို့က ဒီနေ့ လက်နက်ကိုင်တယ်ဆိုတာ တိုင်းရင်းသားတွေက သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ လက်နက်ကိုင်ပြီးတော့ စောင့်ရှောက်ပြီးတော့ ဒီတာဝန်ကို ကျနော်တို့ ယူနေကြတာ ဖြစ်တယ်။ အဲဒီတော့ လက်နက်ကိုင်ပြီး တိုက်ဖို့ဆိုတာထက် လက်နက်နဲ့ လူထုကို အကာအကွယ်ပြုနေတဲ့ အခြေအနေတွေကို ကျနော်တို့က သွားနေရတဲ့ အနေအထားမျိုး ဖြစ်တယ်ဆိုတာကိုလည်း အားလုံးက သိဖို့လိုတယ်။ အဲဒါကို ကျနော်တို့က သေနတ်ကိုင်တဲ့အတွက် Non Violence လုပ်တာ မဟုတ်တော့ဘူးလို့တော့ ဒီလိုဘက်က ရှုမြင်လို့ မရဘူးလို့ ကျနော်တို့က ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ ဘယ်ဒီမိုကရေစီ နိုင်ငံမှာဖြစ်ဖြစ် တပ်ဆိုတာ ရှိတယ်။ နောက်တခုက အုပ်ချုပ်ရေး လုပ်ငန်းလုပ်တဲ့ ရဲတွေမှာ သူတို့ လက်နက်ကိုင်ထားတယ်။ အဲဒီတော့ ဒီစစ်တပ်တွေ၊ ရဲတွေ လက်နက်ကိုင်တာ အကြမ်းဖက်တယ်လို့ ပြောမယ်ဆိုရင် နအဖ စစ်အုပ်စုလို တရားဝင် လက်နက်ကိုင်ပြီးတော့ တရားဝင် အကြမ်းဖက်ခွင့်ကို ရနေတယ်ဆိုတဲ့ အခြေအနေမျိုး မဖြစ်အောင် လုပ်နေရတဲ့ အခြေအနေမျိုးလည်း ရှိတယ်။ ဆိုတော့ အဲဒီ အပိုင်းဘက်ကနေပြီးတော့ ရှုမြင်ထားချက်တွေအရ ဒီနေ့ လက်နက်ကိုင်တပ်ကို ဖွဲ့စည်းပြီးတော့ ကျနော်တို့ လူထုနဲ့ တိုင်းပြည်ကို ကာကွယ်မှုပြုသွားဖို့ ဆိုတာကို စဉ်းစားတာ ဖြစ်ပါတယ်။ မေး။ ။ လက်ရှိ ရှိထားပြီးသား စင်ပြိုင်အစိုးရတခုဖြစ်တဲ့ NCGUB နဲ့ကရော ဘယ်လို ဆက်လက် ညှိနှိုင်းလုပ်မလဲဆိုတာ သိပါရစေ။ ဖြေ။ ။ NCGUB ကလည်း သီးခြားအဖွဲ့အစည်း မဟုတ်ပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကနေ ပေါ်လာခဲ့တဲ့ အဖွဲ့စည်းတခု ဖြစ်ပါတယ်။ ကျနော်တို့ အားလုံးနဲ့အတူ တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတခုပဲ ဖြစ်ပါတယ်။ ကျနော်တို့ ဒီလုပ်ငန်းစဉ်ကို အကောင်အထည် ဖော်နေတဲ့နေရာမှာ သူတို့အပါအ၀င် အဖွဲ့အစည်းအားလုံးနဲ့ စပ်ဆက်ညှိနှိုင်းပြီးတော့ အကောင်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်သွားမှာပါ။ အစိုးရ ၂ ခု ဖြစ်မယ်လို့တော့ ကျနော်တို့ မမြင်ဘူး။ ကျနော်တို့ လုပ်ချင်တာက လက်တွေ့ တိုက်ပွဲဝင်နိုင်တဲ့ အစိုးရတရပ်ကို ဖော်ဖို့၊ အဲဒီပုံစံကို ကျနော်တို့ ပြောင်းလဲသွားဖို့၊ အဲဒီ ပုံစံကို လက်တွေ့ အကောင်အထည်ဖော်ဖို့၊ အဲဒီ ပုံစံကနေ လက်တွေ့ကျင့်သုံးသွားဖို့ ကျနော်တို့ စီစဉ်ဆောင်ရွက်တာ ဖြစ်တဲ့အတွက် ကျနော်တို့ဟာ အစိုးရ ၂ ရပ် ဖြစ်လာမယ်လို့ ကျနော်တို့ မယုံကြည်ဘူး။ နောက် ကျနော်တို့ ညှိနှိုင်းပြီးတော့လည်း ဒီကိစ္စကို ဆောက်ရွက်သွားမှာ ဖြစ်တဲ့အတွက် အင်အားရှိတဲ့ အစိုးရကတော့ တရပ်ထဲပဲ ရှိရမှာ ဖြစ်တယ်။ အဲလိုဖြစ်အောင်လည်း ကျနော်တို့လုပ်သွားမှာ ဖြစ်ပါတယ်။မေး။ ။ အခုလို ဖွဲ့စည်းတာဟာ ဘယ်အချိန်လောက်ကျရင် အကောင်အထည် ပေါ်လာနိုင်မလဲဆိုတာ သိပါရစေ။ ဖြေ။ ။ ပြောနိုင်တာကတော့ ၂၀၀၉ ခုနှစ်အတွင်းမှာ ဒါကို အောင်မြင်အောင် အပြီးအစီး အကောင်အထည် ဖော်နိုင်အောင် လုပ်သွားဖို့ရှိတယ်။ အဲဒီတော့ ဒီကြားမှာလည်းပဲ ဒါကို အချိန်မရွေး အခြေအနေတွေကို စပြီး တရားဝင် ကြေညာနိုင်တဲ့ အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။

No comments: