Wednesday, December 17, 2008

နောက်တခါနာဂစ်လာမှပေါင်းပြီးခွဲပေးမှာလားမသိဘူး

ကျေးရွာဥက္ကဋ္ဌ အလွဲသုံးစားလုပ်မှုကို သက်ဆိုင်ရာက အရေးယူခြင်းမရှိသေး

နာဂစ်မုန်တိုင်းဒဏ်ခံရသည့် လယ်သမားများအတွက် စစ်အစိုးရကပေးသည့် လယ်ထွန်စက်များကို ကျေးရွာ(ရယက)ဥက္ကဋ္ဌက ကိုယ်ကျိုးအတွက် ရောင်းစားလိုက်သည်ကို သက်ဆိုင်ရာ အထက်အာဏာပိုင်များထံသို့ တိုင်တန်းခဲ့သော်လည်း ယခုအချိန်ထိ သက်ဆိုင်ရာက အရေးယူခြင်းမရှိသေးသဖြင့် ရွာသားများ မကျေမနပ်ဖြစ်နေကြသည်။ ဘိုကလေးမြို့နယ်၊ သစ်တိုချောင်း ကံစုဒိုင်နယ်မှ ရယကဥက္ကဋ္ဌ ဦသန်းထွန်းက မုန်တိုင်းဒဏ်ခံခဲ့ရသည့် လယ်သမားများအတွက် ထုတ်ပေးသည့် ဒေါင်းဖန်းလက်တွန်းစက် တလုံးကို ရောင်းချလိုက်ပြီး ကျန်စက်နှစ်လုံးကို ယောက္ခမဖြစ်သူ နေအိမ်တွင် သိမ်းဆည်းထားသည့်ကိစ္စကို နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာနအထိ တိုင်ခဲ့သော်လည်း အရေးယူခြင်း မရှိသေးကြောင်း ဒေသခံရွာသားတဦးက ပြောသည်။“အရင်ဆုံး မယကဥက္ကဋ္ဌကိုတိုင်တဲ့ဟာ သူတို့က မေးမြန်းတာတောင် မရှိဘူး၊ အဲဒီကိစ္စကို ကွပ်ကဲရေးရုံးကို သွားမေးတော့ မြို့နယ်ဒုဦးစီမှူး လှမင်းသူက တခါလာလည်း နေပြည်တော်ဝန်ကြီးဌာန၊ တခါလာလည်း နေပြည်တော်ဝန်ကြီးဌာန ဘာဝန်ကြီးလဲ၊ ဘာလား ညာလားနဲ့ ဆဲတာတွေတောင် ပါတယ်”ဟု ၎င်းက ပြောသည်။ထိုကဲ့သို့ မြို့နယ်အာဏာပိုင်များ ပြောဆိုခဲ့မှုကို မကျေနပ်သဖြင့် သစ်တိုချောင်းဒိုင်နယ်၊ ကုလားချောင်းရွာသားတဦးက နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာနသို့ မှတ်ပုံတင်နံပါတ်နှင့်တကွ ထပ်မံ တိုင်တန်းခဲ့ပြီး နောက်တကြိမ် တယ်လီဖုန်းဖြင့် မေမြန်းခဲ့ရာ နေပြည်တော် ပြည်ထဲရေးဝန်းကြီးဌာန ရုံးအဖွဲ့မှူး ဗိုလ်မှူးကြီး မောင်ကြည်က သက်ဆိုင်ရာ မြို့နယ်ဥက္ကဋ္ဌကို ပြန်လည်ညွှန်ကြားထားသည်ဟုသာ ပြန်လည်ပြောဆိုသည်။“ရယကဥက္ကဋ္ဌ ဦးသန်းထွန်းက ထွန်စက်ကို ရောင်းတာက (၉) လပိုင်း (၂၄) ရက်နေ့က ရောင်းတာ၊ စာချုပ်နဲ့ ရောင်းလိုက်တာ၊ စာချုပ်ထဲမှာ (၁၀) သိန်းကို လက်ငင်းပေးပြီး ကျန်တဲ့ (၅) သိန်းကို နွေစပါးပေါ်မှ ပေးရမယ်ဖြစ်ကြောင်းကိုပါ ထည့်ရေးထားတာ၊ တကယ်တမ်း စပါးစိုက်နေကြတဲ့ ရွာသားတွေက မကျေနပ်ဘူး၊ အဲဒါကို ခြံလုပ်ငန်းလုပ်တဲ့ ရွာသားက သွားတိုင်ပေးတာ”ဟု ရွာသားက ဆက်ပြောသည်။နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသည့် တောင်သူလယ်သမားများအတွက် ပေးသည့် လယ်ယာသုံးစက်ပစ္စည်းများ၊ မျိုးစပါးများ၊ ကျွဲနွားများ အစရှိသည်တို့ကို သက်ဆိုင်ရာ အာဏာပိုင်များက အဆင့်ဆင့် ကိုယ်ကျိုးရှာ အလွဲသုံးစားပြုလုပ်နေသဖြင့် တောင်သူလယ်သမားများမှာ အခက်အခဲမျိုးစုံဖြင့် ကြုံတွေ့နေရသည်။ယင်းကဲ့သို့ အာဏာပိုင်များ၏ အကျင့်ပျက်ခြစားမှုများကို သက်ဆိုင်ရာ အထက်အာဏာပိုင်များထံသို့ တိုင်တန်းသော်လည်း ထိထိရောက်ရောက် ဆောင်ရွက်ပေးခြင်း မရှိသည့်အတွက်ကြောင့် ဒေသခံပြည်သူများမှာ ဘက်ပေါင်းစုံမှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံစားနေကြရသည်။

ရိုးမ၃သတင်းမှဖေါ်ပြပါသည်

No comments: