Friday, March 19, 2010
Wednesday, March 10, 2010
မုန့်လုံးစက္ကူကပ် မြန်မာ့နိုင်ငံရေး
မတ်လ၊ ၉ရက်၊ ၂၀၁၀ခုနှစ်
၂၀၁၀ရွေးကောက်ပွဲနီးလာသည့်နှင့်အမျှ ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံရေး စိတ်ဝင်းစားသူတွေကြားတွင် ကွဲလွဲနေသောထင်မြင်ယူဆချက်တို့မှာလည်း တဆထက်တဆကွာဟလာသည်မှာ နောက်ဆုံးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပတ်သက်သူတချို့ ဆွေးနွေးရသည်အထိ အရှိုန်မြင့်ခဲ့သည်။ အလွန်ကောင်းတဲ့ဆွေးနွေးပွဲတစ်ခုလို့ မြင်မိပါသည်။ ရုပ်ရော အသံပါတွဲပြီးကြည့်လိုက်ရတော့ ဆွေးနွေပွဲဟာ ပိုပြီးအသက်ဝင်လာကာ ကြည့်နေရစဉ်တခဏအတွင်းမှာတော့ အပြစ်ကင်းစင်တဲ့ ဒီမိုကရေစီလွင်ပြင်ကြီးတစ်ခုကိုရောက်သွားသလိုပါပဲ။ သတင်းသမားတွေလွတ်လွတ်လပ်သတင်းယူနေတာတွေ၊ စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတွေကို ပါးပါးနပ်နပ်နဲ့ ဖြေကြားသွားတာတွေကို တွေ့လိုက်ရတော့ နိုင်ငံရေးသမားတချို့ သရုပ်ဆောင်ကောင်းတာများ ခဲနဲ့ပေါက်ချင်လောက်အောင်ကိုပါပဲလို့ ပြောရမလိုဖြစ်နေပါသည်။
"တခါက ကျွန်တော်တို့နယ်ဘက်မှာ ကပြခဲ့တဲ့ဇာတ်ထဲမှာ ပုဏ္ဏားအဖြစ်သရုပ်ဆောင်သူရဲ့ သရုပ်ဆောင်အစွမ်းကြောင့် နောက်ဆုံးခဲနဲ့ပေါက်ခံရတဲ့အထိကို ဇာတ်လမ်းရော၊ သရုပ်ဆောင်မှုအပိုင်းမှာပါ အမတန်ရိုးသားတဲ့ တောသူတောင်သားများအပေါ် ဖမ်းစားနိုင်ခဲ့သည့်အတွက် အောင်မြင်သည့် ဇာတ်လမ်းတစ်ပုဒ်ဟု ယေဘူယပြောနိုင်ပါသည်။" ဒီအဖြစ်အပျက်ဟာ လွန်ခဲ့သော နှစ်အစိတ်ခန့်က တစ်မြို့လုံးမှာမှ အဖြူအမဲ တီဗွီနှစ်လုံးသာရှိသည့်အချိန်။ နေရာက ဧရာဝတီမြစ်ကမ်းနဘေးက ရွာလေးတစ်ရွာ။ ထိုခေတ်၊ ထိုအခါအရ ပုဏ္ဏားအဖြစ်သရုပ်ဆောင်သူ ခဲပေါက်ခံရတဲ့အတွက် သရုပ်ဆောင်ညကြေးတိုးရဖို့အတွက် ကျိန်းသေသ လောက်ပါပဲ။
ဒါဟာဇာတ်ပွဲထဲက ပြဇာတ်တစ်ပုဒ်ပါ။ ဇာတ်ဆရာတို့မည်သည် ပရိတ်သတ်ရဲ့အကြိုက်၊ ဇာတ်ဆောင်တစ်ဦးချင်းစီရဲ့အား၊ အချိန်ကာလစသည်တို့ကို ချင့်ချိန်တွက်ဆနိုင်ပြီး ဒီနယ်မှာတော့ဖြင့် ဒီဇာတ်လမ်းနဲ့ ဒီသရုပ်ဆောင်၊ ဟိုဒေသဆိုရင်ဖြင့် ဟိုဇာတ်လမ်းကို ဟိုမင်းသမီးလေးနဲ့မှတွဲလိုက်ရင် ပိုလို့ကောင်း လိမ့်မည်စသည်ဖြင့် ကြိုတင်တွက်ဆကြရပါသည်။ သို့အတွက်ကြောင့်ပင် ပရိတ်သတ်တွေဟာ သရုပ်ဆောင် နေမှန်းသိပါလျက် သူတို့ချစ်တဲ့ သရုပ်ဆောင်နှိပ်စက်ခံနေရသည့်အခါများတွင် မခံမရပ်နိုင်လောက်အောင်ကိုပင် ဒေါသထွက်တတ်ကြပေသည်။ ဇာတ်အဖွဲ့ကြီးပြန်သွားတော့လည်း လွမ်းတသသဖြစ်ကျန်ခဲ့ရသည် မဟုတ်ပါလား။
ကောက်ကျစ်မှုတွေ၊ ရက်စက်မှုတွေနဲ့ပြည့်နှက်နေသည့် စစ်အုပ်ချုပ်ရေးယန္တားရားအောက်က နိုင်ငံရေးဇာတ်ခုံပေါ်မှာ ကပြမည့် အော်ပရာအပိုင်း(၃) ကိုတော့ဖြင့် များမကြာမှီလအနည်းငယ်အတွင်း ပြည်သူတရပ်လုံး သဲထိတ်ရင်ဖိုစွာဖြင့် စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။ ဇာတ်ဆရာဗိုလ်ချုပ်မှူးကြီးနှင့်အဖွဲ့က ၂၀၀၈ဖွဲ့စည်းအုပ်ချုပ်ပုံအရ ခါးမှာချိတ်ထားတဲ့သေနတ်ကို ပုဆိုးကြားထဲသို့ရောက်အောင် ရွေးကောက်ပွဲဆိုင်းဘုတ်နဲ့ ဇာတ်သိမ်းမည့်အခန်းကို သမိုင်းနဲ့ရင်းပြီးကြည့်ကြရပေဦးတော့မည့်။
ချင်းမိုင်တွင်အကြိုကပြခဲ့သည့် "၂၀၁၀ အပေါ်သဘောထား "မှ "တပ်မှုးကောင်းတို့ရဲ့ နောက်ဆုတ် ခန်း" ဇာတ်ဝင်ခန်းဖြင့် အကယ်ဒမီမှန်းထားသည့် ဇာတ်ပို့ဦးသုဝေရဲ့ ပြကွက်ကို မျက်လုံးထဲမှာ စွဲကျန်နေတုန်းပါပဲ။ စစ်ကျွန်ဘ၀ကို နှစ်လေးဆယ်ကျော်ဖြတ်သန်းခဲ့ရတဲ့ ယနေ့ပြည်သူတွေရဲ့ရင်ထဲက အမှန်တကယ်သဘောထားကို မြင်နိုင်စွမ်းအားနည်းပါးနေတဲ့ ဦးသုဝေတစ်ယောက် မျက်ကန်းတစ္ဆေမကြောက်အဖြစ်မျိုးဆိုက်နေသည်။
စစ်အာဏာရှင်စနစ်ကို အငြင်သာဆုံးနည်းနဲ့ အဆုံးသတ်ပေးမည့်တစ်ခုတည်းသောလမ်းဖြစ်သည့် ရွှေဂုံတိုင်ကြေငြာစာတမ်းအားရဟန်း၊ ရှင်လူ၊ ကျောင်းသားပြည်သူနှင့် နိုင်ငံရေးအင်အားစုအားလုံးက တညီတညွတ်တည်း ၀န်းရံပေးရမည့်အစား "ပျဉ်ဖိုးနားမလည်သော" ဦးသုဝေတို့လိုလူမျိုးတွေကြောင့် မြန်မာ့နိုင်ငံရေးသည် မုန့်လုံးစက္ကူကပ်ဖြစ်ကာ ပြည်သူတို့ အတိုင်းအဆမရှိ သေကြေဒုက္ခရောက်ကြရပေဦးတောမည်။
ထွန်းထွန်းနိုင်(ပျိုးခင်းလူငယ်)

Subscribe to:
Posts (Atom)